ရုရှား စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ် အီဂါ ကိုရိုဘော့ဗ်သည် အသက် ၆၂ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ဗိုလ်ချုပ် ကိုရိုဘော့ဗ်သည် ၂၀၁၆ ခုနှစ်တွင် ရာထူးစတင်လက်ခံခဲ့သူဖြစ်ပြီး နှစ်ရှည် နာမကျန်းမှုကြောင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုရှားစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ (ဂျီအာရ်ယူ) သည် ယခုနှစ်အတွင်း ဗြိတိန်ရှိ ရုရှားသူလျှိုဟောင်း ဆာဂျေ ဆခရီပယ်နှင့် သမီးကို အာရုံကြောအဆိပ်ဖြင့် လုပ်ကြံမှု၌ အဓိကလက်သည်အဖြစ် စွပ်စွဲခံရလျက်ရှိသည်။
အဆိပ်ခတ်လုပ်ကြံမှု မအောင်မမြင်ဖြစ်ခဲ့ခြင်းအတွက် ဗိုလ်ချုပ် ကိုရိုဘော့ဗ်ကို ရုရှား အာဏာပိုင်များက များစွာ ပြစ်တင်ခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။ အဆိပ်ခတ်လုပ်ကြံသူနှစ်ဦးမှာလည်း ဂျီအာရ်ယူက တာဝန်ပေးထားသည့် အလက်ဇန္ဒား မီရှကင်နှင့် အနာတိုလီ ချာပီဂါ ဆိုသူတို့ဖြစ်ကြောင်း ဗြိတိန် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ အဆိပ်ခတ်လုပ်ကြံမှုကို ရုရှား အာဏာပိုင်များက ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း ဗြိတိန်က စွပ်စွဲခဲ့ပြီး ရုရှား အစိုးရကမူ ငြင်းဆိုထားသည်။
ဗိုလ်ချုပ် ကိုရိုဘော့ဗ်သည် ၁၉၇၃ တွင် စစ်တပ်ထဲ စဝင်ခဲ့ပြီး ၁၉၈၅ က စတင်ကာ ထောက်လှမ်းရေးဘက်တွင် လုပ်ကိုင်ခဲ့ကာ ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့သူဖြစ်ကြောင်း ရုရှား နိုင်ငံပိုင် တက်စ် မီဒီယာက ဖော်ပြသည်။
ဗိုလ်ချုပ် ကိုရိုဘော့ဗ်သည် အံ့ချီးဖွယ်၊ သစ္စာရှိသော မျိုးချစ် ရုရှားနိုင်ငံသားဟု ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဖော်ပြခဲ့သည်။

















