ဆီးရီးယားနိုင်ငံ အလက်ပိုရှိ ကလေးငယ်များအတွက် အရုပ်များခိုးသွင်းပေးခဲ့သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ မီဒီယာများက သူရဲကောင်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် ဆီးရီးယားနွယ်ဖွား ဖင်လန်နိုင်ငံသား ရာမီ အာဒမ်သည် လိမ်လည်မှုဖြင့် ထောင်ဒဏ် ၁၀ လချမှတ်ခံခဲ့ရပြီဖြစ်သည်။
အာဒမ်သည် ပရဟိတအကျိုးအတွက် ရည်ရွယ်သည့် ရန်ပုံငွေများကို တစ်လွဲသုံးစွဲခဲ့ပြီး ခွင့်ပြုချက်မရဘဲ ရန်ပုံငွေစုဆောင်းခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ဆီးရီးယားပြည်တွင်းစစ် အရှိန်အမြင့်ဆုံးအချိန်တွင် အာဒမ်သည် ဆီးရီးယားနိုင်ငံတွင်းသို့ အကြိမ်ကြိမ်သွားရောက်ပြီး အရုပ်များဖြန့်ဝေခဲ့သောကြောင့် အလက်ပိုအရုပ်ခိုးသွင်းသူအဖြစ် ကင်ပွန်းတပ်ခံခဲ့ရသည်။
သို့သော် ၎င်းတည်ထောင်ခဲ့သော ပရဟိတအဖွဲ့နှင့်ပတ်သက်၍မူ မေးခွန်းထုတ်မှုများရှိခဲ့သည်။
ပရဟိတအဖွဲ့အတွက်တည်စုဆောင်းခဲ့သည့် ရန်ပုံငွေ ဒေါ်လာ ၃၄၀ဝ၀ဝ လုံးကို ဆီးရီးယားပြည်သူများအတွက် သုံးစွဲခဲ့သည်ဟု ယင်းပြောဆိုမှု အလုံးစုံမမှန်ကန်ကြောင်း ဟယ်စင်ကီရှိ တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့သည်။
ဒေါ်လာ ၇၀ဝ၀ဝ ခန့်ကို ဖင်လန်ရှိိ သစ်သားအိမ်တစ်လုံးအတွက် သုံးစွဲခဲ့ပြီး ငွေတချို့သည်လည်း အာဒမ် တူရကီတွင် ဖွင့်ထားသည့် ဘဏ်ငွေစာရင်းထဲသို့ ရောက်ရှိခဲ့သည်။
ထို့ပြင် အာဒမ်၌ ရန်ပုံငွေစုဆောင်းခွင့်လိုင်စင်မရှိခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့၏စစ်ဆေးမှု လူသိရှင်ကြားဖြစ်လာခဲ့သည့် ၂၀၁၆ ခုနှစ်တွင် အာဒမ်က လိမ်လည်မှုမရှိခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။ အာဒမ်သည် ကလေးခြောက်ယောက်တို့၏ဖခင်ဖြစ်သည်။
အာဒမ်သည် ယခင်ကလည်း အခွန်ရှောင်မှု၊ မူးယစ်ဆေးဝါးမှုနှင့် သူတစ်ပါးကိုထိခိုက်နာကျင်စေမှုများကျူးလွန်ခဲ့သည့်အတွက် ၎င်းကိုထောင်ဒဏ်ချမှတ်ရန်လိုအပ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

















