တောင်ကိုရီးယားနိုင်ငံရှိ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးသည် ကိုးကွယ်ယုံကြည်သူ အမျိုးသမီး ရှစ်ဦးအား လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရပြီဖြစ်သည်။
အသက် ၇၅ နှစ်အရွယ် လီ ဂျေး-ရော့ခ်သည် ဆိုးလ်ရှိ မာမင်ဗဟိုဘုရားကျောင်းမှ သင်းအုပ်ဆရာဖြစ်ပြီး ကိုးကွယ်ယုံကြည်သူ ၁၃၀ဝ၀ဝ ခန့်ရှိသူဖြစ်သည်။ မတရားစွပ်စွဲခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။
လီဂျေး-ရော့ခ်၏လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရသူများက ၎င်းတွင် အနန္တတန်ခိုးရှိကြောင်း ပြောဆိုခဲ့ပြီး ၎င်းသည် ဘုရားသခင်ဖြစ်သောကြောင့် တောင်းဆိုမှုများကို မလိုက်လျောဘဲ မနေနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တောင်ကိုရီးယားရှိ ခရစ်ယာန်ဘာသာဝင်များသည် အဓိကဘုရားကျောင်းကြီးများနှင့်ပတ်သက်မှုရှိပြီး ကိုးကွယ်ယုံကြည်သူပေါများခြင်းကြောင့် ဘုရားကျောင်းများသည် ငွေကြေးနှင့် သြဇာအလျှံပယ်ပေါကြွယ်ခဲ့သည်။
ထို့ပြင် ဖိအားပေးခြင်း၊ အယူရိုက်သွင်းခြင်းနှင့် လိမ်လည်ခြင်း အစရှိတို့နှင့်ပတ်သက်မှုရှိသည့် ဂိုဏ်းခွဲများလည်းရှိသေးသည်။
လီ၏ဘုရားကျောင်းသည် အဓိကဘုရားကျောင်းကြီးတစ်ခုမှ ခွဲထွက်လာသည့် ဂိုဏ်းခွဲတစ်ခုဖြစ်သည်။ လီသည် မာမင်ဗဟိုဘုရားကျောင်းကို ၁၉၈၂ ခုနှစ်တွင် နောက်လိုက်နောက်ပါ ၁၂ ဦးနှင့်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်မူ မာမင်ဗဟိုဘုရားကျောင်းသည် ဘုရားကျောင်းကြီးဖြစ်နေပြီဖြစ်ကာ ကြီးမားသော ရုံးချုပ်နှင့် အံဖွယ်များပြသမည်ဖြစ်ကြောင်း ကတိပြုထားသည့် ဝက်ဘ်ဆိုက်တစ်ခုလည်းရှိနေသည်။
လီကိုကိုးကွယ်ယုံကြည်သူသုံးဦးက လီသည် ၎င်းတို့ကို တိုက်ခန်းတစ်ခုအတွင်း လိင်ဆက်ဆံရန် ဖိအားပေးခဲ့ကြောင်း ယခုနှစ်အစောပိုင်းတွင် ပြောဆိုခဲ့သည်။ ကျွန်မက သူ့ကို ငြင်းပယ်လို့မရခဲ့ဘူး၊သူက ဘုရင်တစ်ပါးထက်တောင် သြဇာရှိသေးတယ်၊ သူက ဘုရားသခင်လေ ဟု အမျိုးသမီးတစ်ဦးက မီဒီယာသို့ပြောဆိုခဲ့သည်။
အမျိုးသမီးရှစ်ဦးက လီ၏လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရကြောင်း ဝန်ခံခဲ့ပြီးဖြစ်သည်။ လီသည် မေတွင် အဖမ်းခံခဲ့ရသည်။ လီသည် တရားဟောပြောနေရင်း ၎င်းသည် နတ်ဒေဝါတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဆိုးဗဟိုခရိုင်တရားရုံးမှ တရားသူကြီး ချွန်မွန်းဆွန်ကပြောဆိုခဲ့သည်။
တရားသူကြီးက စီရင်ချက်ချမှတ်ချိန်တွင် လီသည် မျက်လုံးကိုစုံမှိတ်ထားခဲ့သည်။ အမျိုးသမီးများသည် ဘုရားကျောင်းတက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရခြင်းအတွက် လက်စားချေခြင်းသာဖြစ်ကြောင်း လီ၏ရှေ့နေကပြောဆိုခဲ့သည်။

















