ဝန်ကြီးချုပ်နှစ်ဦးရှိပြီး အစိုးရမရှိသော သီရိလင်္ကာ၌ စီးပွားရေးအကျပ်ဆိုက်တော့မည်ဟု သတိပေး

ဝန်ကြီးချုပ်နှစ်ဦးရှိပြီး အစိုးရမရှိသော သီရိလင်္ကာ၌ စီးပွားရေးအကျပ်ဆိုက်တော့မည်ဟု သတိပေး

သီရိလင်္ကာ၌ စင်ပြိုင်ဝန်ကြီးချုပ်နှစ်ဦးရှိနေပြီး အစိုးရအဖွဲ့လည်ပတ်မှုရပ်ဆိုင်းနေသောကြောင့် အသုံးစရိတ်နှင့်ပတ်သက်၍ လွှတ်တော်တွင်းအတည်မပြုနိုင်ဘဲဖြစ်နေရာ နိုင်ငံ၏စီးပွားရေးအကျပ်မတည်း ဆိုက်တော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဟောင်း မင်္ဂလာ သမာရာဝီရက နိုဝင်ဘာ ၂၂ ရက်တွင် သတိပေးပြောဆိုလိုက်ပြီဖြစ်သည်။

သီရိလင်္ကာသမ္မတမိုင်သရီပါလာ သီရိသေနာက ရာနီး ဝီကရာမာဆင်ဂဲကို ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချပြီး ၎င်း၏နေရာတွင် သမ္မတဟောင်း မဟိန္ဒာ ရာဇပါကသကို အစားထိုးခန့်အပ်ခဲ့ပြီးနောက် နိုင်ငံတွင်း အကျပ်အတည်းများရှိလာခဲ့သည်။

လွှတ်တော်အမတ်များသည် သီရိသေနာက ခန့်အပ်သော ဝန်ကြီးချုပ် ရာဇပါကသကို အယုံအကြည်မရှိကြောင်း နှစ်ကြိမ်တိုင်တိုင်မဲခွဲဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ဝီကရာမာဆင်ဂဲနှင့် ရာဇပါကသနှစ်ဦးစလုံးကလည်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခြင်းမရှိသေးချေ။

ဝန်ကြီးချုပ်တစ်ဦးသည် လွှတ်တော်တွင်း ထောက်ခံမှုအများစုရရှိရမည်ဖြစ်သောကြောင့် သီရိသေနာက ခန့်အပ်သော ဝန်ကြီးချုပ်သည် တရားဥပဒေနှင့်မညီကြောင်း အမျိုးသားငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဇဟန် ပီရဲရာကပြောဆိုခဲ့သည်။

အစိုးရအဖွဲ့မရှိသောကြောင့် ၂၀၁၉ ခုနှစ် နိုင်ငံတော်အသုံးစရိတ်ကို အတည်ပြုရေးကို ရွှေ့ဆိုင်းထားခဲ့ရသည်။ လွှတ်တော်က အတည်ပြုပေးသည့် အသုံးစရိတ်မရှိဘဲ လာမည့်နှစ်တွင် အစိုးရအနေဖြင့် နိုင်ငံတော်အတွက် သုံးစွဲရန်မဖြစ်နိုင်ကြောင်း ဝီကရာမာဆင်ဂဲအစိုးရလက်ထက်တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သမာရာဝီရကပြောဆိုခဲ့သည်။

လွှတ်တော်သည် အများပြည်သူအသုံးစရိတ်ကို ဆုံးဖြတ်ရမည်ဖြစ်ပြီး လွှတ်တော်က အတည်ပြုထားပြီး ဘဏ္ဍာရေးဝန်ကြီးက လက်မှတ်ရေးထိုးခွင့်ပြုခြင်းမရှိဘဲ ရန်ပုံငွေများကို ထုတ်ပေးလို့မရကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖော်ပြထားသည်။

ယင်းကြောင့် ဇန်နဝါရီမှစ၍ အစိုးရဆိုင်ရာအသုံးစရိတ်များသည် တရားမဝင်ဖြစ်မည်ဖြစ်ကြောင်း သမာရာဝီရကပြောဆိုခဲ့သည်။

သမ္မတ၏ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် မဆင်မခြင်လုပ်ရပ်များကြောင့် သီရိလင်္ကာသည် စီးပွားရေးအကျပ်အတည်းဆိုက်တော့မည်ဖြစ်ပြီး ကြွေးမြီများပြန်လည်ပေးဆပ်မည်ဆိုသည့် ကတိကိုတည်နိုင်တော့မည်မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

သီရိလင်္ကာသည် နိုင်ငံခြားချေးငွေ ဒေါ်လာ ၁ ဘီလီယံကို ဇန်နဝါရီအစောပိုင်းတွင် ပေးဆပ်ရမည်ဖြစ်သည်။