သြစတြေးလျတွင် ဖုန်မှုန့်မုန်တိုင်းကြောင့် လိမ္မော်ရောင်ကောင်းကင် ပြောင်း၊ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ထား

သြစတြေးလျတွင် ဖုန်မှုန့်မုန်တိုင်းကြောင့် လိမ္မော်ရောင်ကောင်းကင် ပြောင်း၊ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ထား

သြစတြေးလျ အရှေ့တောင်ပိုင်းတွင် တစ်ခွင် အကြီးစား ဖုန်မှုန့်မုန်တိုင်းကြောင့် နိုဝင်ဘာ ၂၁ က စတင်ကာ ကောင်းကင်ပြင်သည် လိမ္မော်ရောင်ပြောင်းသွားကာ လေထုညစ်ညမ်းနေသဖြင့် ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ထားရသည်။

ဖုန်မှုန့်မုန်တိုင်းသည် ၅၀ဝ ကီလိုမီတာခန့် ကျယ်ဝန်းပြီး နိုဝင်ဘာ ၂၂ တွင် ဆစ်ဒနီမြို့ကိုပါ ရောက်ရှိနေပြီဖြစ်သည်။ နယူးဆောက်သ်ဝေးပြည်နယ်တစ်ခွင်၌လည်း ဖုန်မှုန့်မုန်တိုင်းကြောင့် မြင်ကွင်းမကောင်းဘဲ ဖြစ်နေသည်။

မြေပြင်ပူပြင်းခြောက်သွေ့နေချိန်တွင် မုန်တိုင်းတိုက်ရာမှ ဖုန်မှုန့်များ ရောပါကာ ဖုန်မှုန့်မုန်တိုင်းဖြစ်လာရကြောင်း တာဝန်ရှိသူများက ပြောသည်။ နယူးဆောက်သ်ဝေးပြည်နယ်သည်လည်း သြဂုတ်လက စတင်ကာ မိုးခေါင် ခြောက်သွေ့နေသဖြင့် ဖုန်မှုန့်မုန်တိုင်းသည် ပိုပြင်းထန်ခဲ့ရကြောင်း သြစတြေးလျ မိုးလေဝသဌာနက ထုတ်ပြန်ပြောကြားသည်။

ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းနေသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူများ အိမ်တွင်းမှာသာ နေကြရန်လည်း တာဝန်ရှိသူများက ညွှန်ကြားချက်ထုတ်ပြန် ထားသည်။

ဖုန်မှုန့်မုန်တိုင်းသည် ဆစ်ဒနီမြို့ကို မည်မျှအထိ ထိခိုက်နိုင်ခြေရှိမည်ကို စောင့်ကြည့်နေဆဲဖြစ်ပြီး ၂၀ဝ၉ ခုနှစ်က ပြင်းထန်သည့် ဖုန်မှုန့်မုန်တိုင်းနှင့် နှိုင်းယှဉ်ပြောဆိုမှုများလည်း ရှိနေသည်။

ထိုစဉ်က လူပေါင်းရာချီပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ခဲ့ရသလို၊ မြင်ကွင်းမကောင်းသဖြင့် လေယာဉ်ခရီးစဉ်များစွာကိုလည်း ဖျက်သိမ်းခဲ့ရသည်။