ချင်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိ ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်ဝင်ထွက် သွားလာမှု များပြားသည့် ကန်ပက်လက်မြို့ နယ်တွင် တည်ရှိသည့် ယခင်ဗြိတိသျှအစိုးရ လက်ထက်က ဝိတိုရိယတောင်ခေါ် နတ်မတောင် အား ခေါ်နူးစုမ်တောင်ဟုအမည်ပြောင်းလဲ သတ်မှတ်ခေါ်ဆိုလိုပါက ယင်းဒေသတွင် နေ ထိုင်သည့် ပြည်သူများ သဘောထားနှင့် ချင်း ပြည်နယ်အစိုးရအဖွဲ့ထံ ထောက်ခံတင်ပြရန် လိုအပ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
"ကျွန်မတို့ ချင်းပြည်နယ်မှာရှိတဲ့ နတ်မ တောင်အမျိုးသားဥယျာဉ်ကို ဒေသအခေါ် ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးဖို့နဲ့ ခေါ်နူးစုမ်ဒေသကို လာ ရောက်လည်ပတ်ကြတဲ့ ပြည်တွင်းပြည်ပ ဧည့်ခရီးသွားတွေကို ဝင်ကြေးကောက်ခံ အသုံး ပြုမှုရှိမရှိ နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်မှာ မေးခွန်းမေးခဲ့ပါ တယ်။ တရားဝင်ပြန်ပြောင်းဖို့အတွက် ဒေသခံ တွေရဲ့ သဘောထား ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ ထောက်ခံတင်ပြရန် နဲ့ ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ရရှိပါ က အမည်ပြောင်းလဲပေးမယ်လို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့် ဆွေက ဖြေကြားခဲ့ပါတယ်။ ကျွန်မအနေနဲ့ လွှတ်တော်နားချိန်မှာ ဒေသခံပြည်သူတွေကို ချပြပြီး လက်မှတ်တွေရယူမယ်။ ပြီးတော့ ပြည်နယ်အစိုးရကို တင်ပြမယ်။ ပြည်နယ် အစိုးရကနေ ပြည်ထောင်စုအစိုးရကိုတင်နိုင် မယ်။ ဒေသခံတွေလိုချင်တဲ့ နာမည်အတိုင်း ဖြစ်သွားအောင် ကျွန်မတို့ ကြိုးစားသွားပါမယ်" ဟု ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် ဆွေလွင်က ပြောဆိုသည်။
လက်ရှိဒေသခံတို့ ခေါ်ဝေါ်နေသည့် ခေါ် နူးစုမ်တောင်ကို နတ်မတောင်ဟု ခေါ်ဝေါ်သုံးစွဲ နေကြခြင်းဖြစ်သည်။ နတ်မတောင်ခေါ် ခေါ်နူး စုမ်ဒေသသို့ လာရောက်ကြသည့် ပြည်ပဧည့် ခရီးသွားများအနေဖြင့် ဝင်ကြေးအဖြစ် နိုင်ငံခြား သားတစ်ဦးလျှင် မြန်မာငွေကျပ် ၁၀ဝ၀ဝ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၀ သတ်မှတ် ကောက်ခံလျက်ရှိပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကောက်ခံရရှိငွေပေါင်း ၂၅ ဒသမ ဝ၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၂၃၁၀ ကောက်ခံရရှိခဲ့ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောဆိုသည်။















