ကရာချိမြို့တွင် တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ၊ နှစ်ဦး သေဆုံး

ကရာချိမြို့တွင် တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ၊ နှစ်ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ကမ်းရိုးတန်းမြို့ ကရာချိတွင် ဖွင့်လှစ်ထားသော တရုတ် ကောင်စစ်ဝန်ရုံးကို နိုဝင်ဘာ ၂၃ က လက်နက်ကိုင် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ရဲနှစ်ဦး သေဆုံးကာ၊ လုံခြုံရေးတစ်ဦးလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ကရာချိမြို့ အထက်တန်းလွှာရပ်ကွက်ဖြစ်သော ကလစ်ဖ်တန်တွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်၌ တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။ လက်နက်ကိုင် အကြမ်းဖက်သမား လေးဦးက ပစ်ခတ်ကာ ကောင်စစ်ဝန်ရုံးတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးများက ခုခံပစ်ခတ်နိုင်ခဲ့သဖြင့် မဝင်နိုင်ခဲ့ကြောင်း သိရသည်။

ကရာချိ ရဲတပ်ဖွဲ့က အကြမ်းဖက်သမား သုံးဦးကို အသေပစ်ခတ် သုတ်သင်လိုက်နိုင်သည်။ ကောင်စစ်ဝန်ရုံး ဝန်းကျင်ကို ကရာချိ ရဲတပ်ဖွဲ့က ပိတ်ဆို့ကာ လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း သိရသည်။ ကောင်စစ်ဝန်ရုံးအတွင်းရှိ ဝန်ထမ်းများ ဘေးရန်ကင်းကြောင်းလည်း ဒေသတွင်း မီဒီယာများ ဖော်ပြချက်အရ သိရသည်။

ဘာလိုချီစတန်ပြည်နယ် အခြေစိုက် ခွဲထွက်ရေး လှုပ်ရှားမှု လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တရုတ် ကောင်စစ်ဝန်ရုံးကို ၎င်းတို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသည် ပါကစ္စတန်၏ အိမ်နီးချင်းလည်း ဖြစ်သလို၊ အဓိက မဟာမိတ်လည်းဖြစ်ကာ ပါကစ္စတန် အခြေခံအဆောက်အအုံ ကဏ္ဍတွင်လည်း အဓိက ရင်းနှီးမြှုပ်နှံထားသောနိုင်ငံ ဖြစ်သည်။

ဘာလိုချီစတန်သည် ပါကစ္စတန်တွင် အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဘာလိုချီစတန်ပြည်နယ်တွင်း အခြေခံအဆောက်အအုံကဏ္ဍ အဆင့်မြှင့်တင်ရေးကို အဓိက အားစိုက်လုပ်ကိုင်လျက်ရှိသည်။