ခါရှောဂီသတ်မှု ဆော်ဒီအိမ်ရှေ့စံအပြစ်ဖြစ်ကြောင်း စီအိုင်အေမတွေ့ခဲ့ စွဲချက်များသည် ချွတ်ယွင်းနေသည့်ကမ္ဘာကြီးကြောင့်ဖြစ်ဟုထရမ့်ဆို

ခါရှောဂီသတ်မှု ဆော်ဒီအိမ်ရှေ့စံအပြစ်ဖြစ်ကြောင်း စီအိုင်အေမတွေ့ခဲ့ စွဲချက်များသည် ချွတ်ယွင်းနေသည့်ကမ္ဘာကြီးကြောင့်ဖြစ်ဟုထရမ့်ဆို

ဆော်ဒီသတင်းသမား ခါရှောဂီကိုသတ်ဖြတ်မှုတွင် ဆော်ဒီအိမ်ရှေ့စံ၏အပြစ်ဖြစ်ကြောင်း စီအိုင်အေထောက်လှမ်းရေးအဖွဲ့က တွေ့ရှိခဲ့ခြင်းမရှိဘဲ ဆော်ဒီတော်ဝင်မိသားစုအပေါ် စွဲချက်များသည် လွန်စွာချွတ်ယွင်းနေသည့်ကမ္ဘာကြီးကြောင့်သာ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။

ကမ္ဘာ့ရေနံဈေးကွက်ကိုလွှမ်းမိုးမှုအပါအဝင် စီးပွားရေးအကြောင်းများကြောင့် ဆော်ဒီအာရေဗျ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုထားကြောင်း ကွန်ဂရက်လွှတ်တော်နှင့် အခြားနိုင်ငံများ၏ စွပ်စွဲဝေဖန်ချက်များကို ဆန့်ကျင်လျက် သမ္မတထရမ့်က ဆော်ဒီဘက်မှ ထပ်မံကာကွယ်လိုက်ခြင်းဖြစ်သည်။

အမေရိကန်ပဓာနမူဝါဒလမ်းစဉ်ချမှတ်ကျင့်သုံးနေကြောင်း ထရမ့်က ထပ်မံရှင်းပြရင်း ခါရှောဂီသတ်မှုသည် ဆိုးရွားလှကြောင်း၊ ရာဇဝတ်မှုများကို မိမိမုန်းတီးကြောင်း၊ မိမိမုန်းတီးသည်ထက်ပင် ဆော်ဒီအိမ်ရှေ့စံက ပိုမိုမုန်းတီးကြောင်း၊ ယင်းရာဇဝတ်မှုတွင် ဆော်ဒီနန်းတွင်းပတ်သက်ခဲ့ခြင်းမရှိကြောင်း နိုဝင်ဘာ ၂၂ ရက်၌ ထရမ့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂ ရက်က တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးထဲတွင် ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီ သတ်ဖြတ်ခံခဲ့ရခြင်းသည် ဆော်ဒီအိမ်ရှေ့စံအမိန့်အရဖြစ်ကြောင်း စီအိုင်အေနှင့်ရင်းနှီးသူများက ပြောဆိုခဲ့သည်။

သက်သေမရှိသော်လည်း လူသတ်မှုတွင် ဆော်ဒီအိမ်ရှေ့စံ၏အပြစ်ကင်းမကင်း မေးခွန်းများကျန်ရှိနေကြောင်း ထောက်လှမ်းရေးအသိုင်းအဝိုင်းမှ ပြောဆိုသူလည်း ရှိသည်။

ခါရှောဂီသတ်မှုသံသယဖြင့် ဆော်ဒီက လူ ၁၇ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ၄င်းတို့ကို ဆန်ရှင်ချမှတ်ပိတ်ဆို့ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောဆိုခဲ့သည်။

အမေရိကန်အမတ်အချို့က ခါရှောဂီသတ်မှုတွင် အိမ်ရှေ့စံပါဝင်မှုရှိမရှိကို အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေး တာဝန်ယူမှုဆိုင်ရာ ဥပဒေတစ်ရပ်အရ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ ယင်းဥပဒေအရစုံစမ်းစစ်ဆေးပါက သမ္မတသည် အစီရင်ခံစာကို အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီသို့ ရက်ပေါင်း ၁၂၀ အတွင်း တင်ပြရမည်ဖြစ်သည်။

ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆာလာမန်သည် ယခုလကုန်တွင် ဗျူနိုအေရီ့စ်၌ပြုလုပ်မည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မျှော်လင့်ရသည်။ အမေရိကန်က ဆန်ရှင်ချမှတ်ထားသည့် ဆော်ဒီနိုင်ငံသား ၁၈ ဦးကို ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်တို့ကလည်း ဆန်ရှင်ချမှတ်ကြောင်း ကြေညာခဲ့သည်။