တရုတ်အစိုးရသည် ယခုနှစ် ပထမ ၁၀ လအတွင်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုနှင့်ဆက်စပ်သော ရာဇဝတ်မှုများဖြင့် လူ ၃၅၀ဝ ကျော်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကာ ယင်းသည် လွန်ခဲ့သောနှစ်ကထက် ၄၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ဥပဒေချုပ်ရုံးက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စီးပွားရေးတိုးတက်ရေးကိုသာ အာရုံစိုက်နေသည့် ဒေသဆိုင်ရာအစိုးရသည် ဒေသခံစီးပွားရေးလုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့် အပြုအမူများကို လျစ်လျူရှုထားသဖြင့် ဗဟိုအစိုးရသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများ သက်ရောက်စေရေး အပြင်းအထန်လုပ်ဆောင်နေရသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ရာဇဝတ်မှုများအား လုံးဝသည်းခံမည်မဟုတ်ကြောင်း ၊ ယခုနှစ် ပထမဆ ၁၀ လအတွင်း အရင်းအမြစ်များထိခိုက်စေမှုဖြင့် လူ ၈၅၀ဝ နီးပါးကို အပြစ်ပေးခဲ့ပြီးဖြစ်ကြောင်း ဥပဒေချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
သို့သော် ယခုနှစ် ပထမကိုးလအတွင်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှု ၁၃၀ဝ၀ဝ နီးပါးရှိသောကြောင့် ကျူးလွန်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်ချမှတ်မှုတို့ကြား အချိုးမညီသေးချေ။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုဖြင့် ဒဏ်ငွေ ယွမ် ၁၀ ဒသမ ၆၃ ဘီလီယံ( ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ) ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏စာရင်းအင်းများအရ သိရသည်။
ဆယ်စုနှစ်ပေါင်းများစွာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခဲ့မှုကို အဆုံးသတ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် နိုင်ငံတော်၏အာဏာကို အလုံးစုံအသုံးပြုမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ယခုနှစ်အစောပိုင်းတွင် သတိပေးပြောဆိုခဲ့ပြီးဖြစ်သည်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနလက်အောက်ရှိ အဖွဲ့အစည်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့် ဒေသဆိုင်ရာအစိုးရအရာရှိများအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။

















