ဂရိနိုင်ငံ၌ မူလတန်း ပညာရေးမှတ်တမ်း လိမ်လည်တင်ပြမှုဖြင့် သန့်ရှင်းရေးအမျိုးသမီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမှု ဝေဖန်ခံရ

ဂရိနိုင်ငံ၌ မူလတန်း ပညာရေးမှတ်တမ်း လိမ်လည်တင်ပြမှုဖြင့် သန့်ရှင်းရေးအမျိုးသမီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမှု ဝေဖန်ခံရ

ဂရိနိုင်ငံတွင် မူလတန်းပညာရေး မှတ်တမ်းများ လိမ်လည်တင်ပြခဲ့မှုဖြင့် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်  ၁၀ နှစ်ထိ ချမှတ်ခဲ့မှုအပေါ် အများပြည်သူ ဝေဖန်မှုများ မြင့်တက်နေသဖြင့် ဗဟိုတရားရုံးချုပ်က ထိုအမှုကို ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၅၃ နှစ်အရွယ် အမျိုးသမီးသည် မူကြိုကျောင်းတစ်ခုတွင် ၁၅ နှစ်ကြာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

အလုပ်လျှောက်ထားသည့် ကိုယ်ရေးရာဇဝင်တွင် မူလတန်းပညာရေး ခြောက်နှစ်ကို ဆုံးခန်းတိုင်အောင်  တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသော်လည်း တကယ်တမ်းတွင် ငါးနှစ်သာ တက်ရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူကို လိမ်လည်မှုဖြင့် ဒေသ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်လိုက်မှုကြောင့် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

စီရင်ချက်သည် လူသားမဆန်မှုကို ပြသနေရုံသာမက၊ ဂရိ တရားရေးစနစ်၏ ကမောက်ကမဖြစ်မှုများကိုလည်း မီးမောင်းထိုးပြရာ ရောက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်လျက်ရှိသည်။

ဒေသတရားရုံး ဆုံးဖြတ်ချက်ကိုဗဟိုတရားရုံးချုပ်မှ အကြီးတန်း တရားသူကြီးတစ်ဦးက လာမည့် သီတင်းပတ်တွင် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး၏ အမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိ။ ၂၀၁၄ ခုနှစ်က ဝန်ထမ်းများ၏ ပညာရေးနောက်ခံကို ပြန်လည်စစ်ဆေးစဉ်တွင် အမျိုးသမီးသည် မူလတန်းပညာရေးကို တစ်နှစ်ပိုပြီး ဖော်ပြထားကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဂရိနိုင်ငံတွင် ယခင်က အထူးသဖြင့် ကျေးလက်ဒေသများတွင်  ဆင်းရဲနွမ်းပါးမှုကြောင့် မူလတန်း ပညာရေးပင် ဆုံးခန်းမတိုင်ဘဲ ကျောင်းထွက်ခဲ့ရသည့် ကလေးအများအပြား ရှိခဲ့သည်။