ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီ၏ ကွန်ပျူတာချစ်ပ်ပြားနှင့် အယ်လ်စီဒီထုတ်လုပ်ရေးစက်ရုံများ၌ ကျန်းမာရေးမထိခိုက်စေမည့် ပတ်ဝန်းကျင်မဖန်တီးနိုင်ခဲ့သောကြောင့် အလုပ်သမားတချို့ သေဆုံးခြင်း၊ ရောဂါကြီးများရရှိခြင်းတို့အတွက် တောင်းပန်ပါကြောင်း ဆမ်ဆောင်းကုမ္ပဏီက နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆမ်ဆောင်းကုမ္ပဏီနှင့် ဝန်ထမ်းများကြား ဆယ်စုနှစ်တစ်ခုကျော်ကြာ အငြင်းပွားမှုရှိခဲ့ပြီး ကြားဝင်စေ့စပ်ပေးသူတစ်ဦးက စေ့စပ်ပေးမှုကြောင့် နှစ်ဘက်ကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ကုမ္ပဏီက တောင်းပန်ခဲ့ခြင်းဖြစ်သည်။ ယင်းသဘောတူညီမှုတွင် တောင်းပန်ရမည်ဆိုသည့် အချက်လည်းပါဝင်သည်။
ဆဲ့မီးကွန်ဒတ်တာ( တစ်ပိုင်းလျှပ်ကူးပစ္စည်း)နှင့် အယ်လ်စီဒီထုတ်လုပ်ရေးစက်ရုံများတွင် ဓာတုပစ္စည်းများကိုအသုံးပြုခဲ့သော်လည်း ကုမ္ပဏီသည် ကျန်းမာရေးထိခိုက်စေမည့် အကြောင်းအရင်းကို လုံလောက်စွာ စီမံခန့်ခွဲနိုင်ခြင်းမရှိခဲ့ကြောင်း ကုမ္ပဏီ၏နည်းပစ္စည်းထုတ်လုပ်ရေးဌာနခွဲအကြီးအကဲ ကီနမ် ကင်ကပြောဆိုခဲ့သည်။
ဆမ်ဆောင်းကုမ္ပဏီဝန်ထမ်းတချို့သည် သွေးကင်ဆာနှင့် ဦးနှောက်အကြိတ်ကဲ့သို့ ရောဂါကြီးများကို ခံစားခဲ့ရကြောင်း အေပီက လွန်ခဲ့သော ဆယ်စုနှစ်တွင် ဖော်ထုတ်တင်ပြခဲ့ပြီးဖြစ်သည်။
ဆမ်းဆောင်းစက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် သမီးဖြစ်သူ သွေးကင်ဆာဖြင့် သေဆုံးခဲ့ပြီးနောက် ၂၀ဝ၇ ခုနှစ်တွင် တက္ကစီယာဉ်မောင်း ဟွန်ဆန်ဂီသည် နစ်နာကြေးကို လက်ခံမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ယင်းနောက် ဟွန်ဦးဆောင်သော နစ်နာသူများနှင့် ဆမ်ဆောင်းတို့ကြား ထိပ်တိုက်ဆုံမှုရှိခဲ့သည်။ သမီးဖြစ်သူ ယုမီသေဆုံးရသည့် အကြောင်းအရင်းကို ဖော်ထုတ်ပြီး ဆမ်ဆောင်းတွင်တာဝန်ရှိကြောင်း ဟွန်က တင်ပြခဲ့ပြီးနောက် ကွန်ပျူတာချစ်ပ်ပြားနှင့် အယ်လ်စီဒီစက်ရုံများ၌ လုံခြုံရေးပျက်ကွက်မှုများအတွက် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရတို့က တာဝန်ယူရမည်ဖြစ်ကြောင်း တောင်းဆိုမှုများရှိလာခဲ့သည်။
လွန်ခဲ့သော ၁၁ နှစ်ကျော်အတွင်း ဆမ်ဆောင်း၏အရှက်ခွဲမှု၊ လိမ်လည်မှုတို့နှင့်နှိုင်းစာနှင့် မည်သည့်တောင်းပန်မှုကမျှ လုံလောက်မည်မဟုတ်ကြောင်း၊ အလုပ်လုပ်ကိုင်ရင်း ရောဂါကြီးများရလာခြင်း၊ ချစ်ရသူများကို ဆုံးရှုံးရခြင်းတို့အတွက် တောင်းပန်သော်လည်း ကြေအေးသွားနိုင်မည်မဟုတ်ကြောင်း ဟွန်က ပြောဆိုခဲ့သည်။
သို့သော် ယနေ့တောင်းပန်မှုကို အလုပ်ခွင်တွင်းလုံခြုံမှုအတွက် ဆမ်ဆောင်းက တာဝန်ယူမည်ဟု ကတိပြုချက်အဖြစ် မှတ်ယူမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















