ပိတ်ပင်ချက်ကိုမလိုက်နာဘဲ ဖျော်ဖြေမှုဖြင့် နာမည်ကျော် ရုရှားရက်ပါ ပြစ်ဒဏ်ချမှတ်ခံရ

ပိတ်ပင်ချက်ကိုမလိုက်နာဘဲ ဖျော်ဖြေမှုဖြင့် နာမည်ကျော် ရုရှားရက်ပါ ပြစ်ဒဏ်ချမှတ်ခံရ

နာမည်ကျော် ရုရှားရက်ပါတစ်ဦးသည် ဖျော်ဖြေခွင့်ပိတ်ပင်ထားခြင်းကို မလိုက်နာဘဲ မော်တော်ယာဉ်တစ်စီးပေါ်တွင် ဖျော်ဖြေခဲ့မှုဖြင့် ရဲအချုပ်ဖြင့် ၁၂ ရက်နေထိုင်ရန် နိုဝင်ဘာ ၂၂ ရက်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ဟက်စ်ကီအမည်ရှိ ရက်ပါသည် နိုဝင်ဘာ ၂၁ ရက်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ခရာစ်နိုဒါမြို့ရှိ တရားရုံးတစ်ရုံးက ဟက်စ်ကီအား ရမ်းကားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဟက်စ်ကီသည် ရုရှားလူငယ်များကြားတွင် နာမည်ကျော်ကြားသူဖြစ်ပြီး ယူကျုရှိ ၎င်း၏ဗီဒီယိုဖိုင်များကို ဝင်ရောက်ကြည့်ရှုသူ ၆ သန်းကျော်ရှိနေသည်။

အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့၏ရက်စက်ကြမ်းကြုတ်မှုများကို လှောင်ပြောင်သည့် သီချင်းများကို သီဆိုလေ့ရှိသည့် အသက် ၂၅ နှစ်အရွယ် ဟက်စ်ကီသည် ခရာစ်နိုဒါတွင် ဖြော်ဖြေရန်စီစဉ်ထားခဲ့သော်လည်း ဟက်စ်ကီ၏ဖျော်ဖြေမှုများတွင် အကြမ်းဖက်မှုသဘောပါသောကြောင့်ဟုဆိုကာ အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ရုရှားအာဏာပိုင်များသည် အစိုးရကိုဝေဖန်သူများနှင့် အတိုက်အခံများအား အကြမ်းဖက်မှုဥပဒေကိုအသုံးပြုပြီး နှိမ်နင်းမှုများပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၂၁ ရက် ဖြော်ဖြေပွဲကို ကလပ်တစ်ခုတွင် ပြုလုပ်ခဲ့သော်လည်း အာဏာပိုင်များက ကလပ်သို့ လျှပ်စစ်ဓာတ်အားပေးနေမှုကို ဖြတ်တောက်ခဲ့သောကြောင့် ဟက်စ်ကီနှင့် ပရိသတ်များသည် အပြင်သို့ထွက်ခဲ့ရသည်။

နာမည်ရင်း ဒီမီထရီ ကူဇ်နက်ဆော့ဗ်ဖြစ်သည့် ရက်ပါသည် မော်တော်ယာဉ်တစ်စီးပေါ်တက်ကာ ပရိသတ်များနှင့်အတူ သံပြိုင်သီဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ဟက်စ်ကီ သီချင်းသီဆိုမှုပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သို့သော် ပရိသတ်များက လမ်းများကို ပိတ်ဆို့ထားသောကြောင့် ဟက်စ်ကီကို ရဲတပ်ဖွဲ့သုံးယာဉ်ဖြင့် ခေါ်ထုတ်ရာတွင် အခက်အခဲရှိခဲ့သည်။

နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ဖျောင်းဖျပြောဆိုမှသာ လူစုခွဲခဲ့ကြခြင်းဖြစ်သည်။

မော်တော်ယာဉ်ထိခိုက်မှုရှိခဲ့ကြောင်း ဟက်စ်ကီဖျော်ဖြေခဲ့သည့် မော်တော်ယာဉ်၏ပိုင်ရှင်က ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ခဲ့သည်။

ဖျော်ဖြေပွဲကို အကြောင်းအရင်းခိုင်ခိုင်မာမာမရှိဘဲ ဖျက်သိမ်းခဲ့သည့်အတွက် လမ်းမပေါ်တွင် ဖြော်ဖြေခဲ့ရခြင်းဖြစ်ကြောင်း ရက်ပါက တရားရုံးတွင်ပြောဆိုခဲ့သည်။

ယာဉ်ထိခိုက်မှုရှိခဲ့ပါကလည်း နစ်နာကြေးပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။