တောင်ကိုရီးယားတွင် အကြီးဆုံးသော ခွေးသတ်ရုံကို အာဏာပိုင်များက ပိတ်သိမ်းလိုက်ပြီဖြစ်ကာ စက်ရုံကို စတင်ဖျက်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
ဆိုးလ်မြို့တောင်ဘက်ရှိ ဆောင်နမ်မြို့၌ တည်ထားသော တေပြောင်းဒေါင် ခွေးသတ်ရုံကို နှစ်ရက်အတွင်း အပြီးဖျက်သိမ်းကာ ပြည်သူ့ပန်းခြံအဖြစ် အသွင်ပြောင်းမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားတွင် နှစ်စဉ် ခွေးတစ်သန်းခန့်ကို စားသုံးလျက်ရှိပြီး တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက ထိုဓလေ့ကို အဆုံးသတ်အောင် အားထုတ်လျက်ရှိသည်။
တောင်ကိုရီးယားတွင် အတိတ်က ခွေးသားကို စားဖွယ်အဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအခါ သဘောထားများ ပြောင်းလဲလာသည်ကို တွေ့ရသည်။
နိုင်ငံတွင် အကြီးဆုံး ခွေးသတ်ရုံကို ပိတ်လိုက်နိုင်ခြင်းသည် စံနမူနာကောင်းဖြစ်ကြောင်း၊ အခြား ခွေးသတ်ရုံများကိုပါ ဆက်လက်ပိတ်သိမ်းနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကိုရီးယား တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ (ကေအေအာရ်အေ) က ပြောသည်။
တေပြောင်းဒေါင် ခွေးသတ်ရုံသည် နိုင်ငံတစ်ဝန်း စားသောက်ဆိုင်များအတွက် ခွေးသား ဖြန့်ဖြူးပေးနေသော အဓိကနေရာဖြစ်ကာ၊ ခွေးသတ်ရုံခွဲ ခြောက်ရုံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ခွေးသတ်ရုံအတွင်း ခွေးများကို လျှပ်စစ်ဓာတ်ဖြင့် သတ်ဖြတ်သည့်စက်များကိုပါ တွေ့ရကြောင်း ကေအေအာရ်အေက ပြောသည်။
တောင်ကိုရီးယားတွင် အများပြည်သူ သဘောထား ပြောင်းလဲလာမှုကြောင့် ခွေးသားရောင်းသည့် စားသောက်ဆိုင်များလည်း လျော့ကျလာသည်။ ယခင်က ဆိုင် ၁၅၀ဝ ခန့် ရှိခဲ့ရာမှ ၂၀၁၅ တွင် ဆိုင် ၇၀ဝ ခန့်သာ ရှိတော့ကြောင်း တွေ့ရသည်။

















