ပြည်မြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်း တည်ရှိသည့် ရှေးဟောင်းဇုန်အတွင်း သတိပေးဆိုင်းဘုတ် အချို့နှင့်အမှိုက်ပုံး မီးရှို့ဖျက်ဆီးခံရသည့်ဖြစ် စဉ်များ၊ တရားဥပဒေစိုးမိုးရေးလျော့ရဲစေသော အခြားဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ အခြေစိုက် ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာနမှ သိရသည်။
ရိုက်ချိုးဖျက်ဆီး
တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက်ပိုင်းတွင် ရှေးဟောင်းဇုန်ဝင်ပေါက် နဂါးတွန့်တံခါးအနီး အများပြည်သူနှင့် လာ ရောက်လည်ပတ်သူများ အမှိုက်စနစ်တကျ စွန့်ပစ်ရန်ထားရှိသောအမှိုက်ပုံးအား မီးရှို့ ခြင်းနှင့်သတိပေးဆိုင်းဘုတ်များအား ရိုက်ချိုး ဖျက်ဆီးထားသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ဇုန်ထဲမှာ မကြာမကြာဖြစ်တယ်။ အခု တလော ပိုပြီးတော့ဖြစ်တယ်။ ဒီလိုဖြစ်တာက ကမ္ဘာ့အမွေအနှစ်ပုံရိပ်ကျတယ်။ ပုံရိပ်ကျတဲ့ အပြင်ကို မြို့ရဲ့ဂုဏ်သိက္ခာလည်းကျတာပေါ့။ ဒါမျိုးတွေက မကောင်းဘူးပေါ့။ နိုင်ငံတကာ ကလည်း အခုဆို တအားလည်ပတ်နေတဲ့ အချိန်၊ ပြည်တွင်းကလည်း အများကြီးလာလည် ပတ်နေတာ။ ဒီလိုဖြစ်တာတော့ စိတ်မကောင်း စရာဘဲ။ ဌာနဆိုင်ရာတွေအနေနဲ့လည်း ဝိုင်း ပြီးတော့ထိန်းသိမ်းသင့်တယ်။ ဒါက ဘာဖြစ် လို့ လဲဆိုရင် တရားဥပဒေစိုးမိုးရေးလျော့ရဲတယ် လို့ပဲပြောရမှာပေါ့"ဟု ပြည်မြို့အခြေစိုက် ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော် မျိုးဝင်းက ပြောဆိုသည်။
ပိုက်ဆံအိတ်လု
ယခုနိုဝင်ဘာလအတွင်း ရှေးဟောင်းဇုန် အတွင်းရှိအမှိုက်တောင်းများပျောက်ဆုံးခြင်း၊ မသီးကျကုန်းသို့သွားသည့်တံတားမှ သံလက် ရန်း ရိုက်ချိုးဖျက်ဆီးခံရခြင်း၊ ဘောဘောကြီး စေတီသို့လာရောက်ဖူးမြော်သော ပညာရေး ဝန်ထမ်း၏ ငွေကျပ်သိန်း ၂၀ ခန့်တန်ဖိုးရှိ ဆိုင်ကယ်တစ်စီးခိုးယူခံရခြင်း၊ ဘုရားမာဘုရား ရှိ စုံတွဲတစ်တွဲကို လူသုံးဦးက ကောင်လေး အား အုတ်ခဲဖြင့်ထု၍ ဖုန်းနှင့်ပိုက်ဆံအိတ်များ လုယူသွားခြင်း စသည့်ဖြစ်စဉ်များလည်းဖြစ် ပွားခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
ခရီးသွားမြို့တော်ဆု
ပြည်မြို့သည် ၂၀၂၀ ပြည့်နှစ်၌ ဘရူနိုင်း နိုင်ငံတွင်ကျင်းပမည့် ဒုတိယအကြိမ် အာဆီယံ အသန့်ရှင်းဆုံးခရီးသွားမြို့တော်ဆု ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့သန့်ရှင်းသာယာ လှပရေးကို စတင်လုပ်ဆောင်နေသည့်မြို့ဖြစ် ကြောင်းလည်း သိရသည်။
ထွန်းကားခဲ့
ပြည်မြို့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည့် သရေခေတ္တရာမြို့ဟောင်းသည် အေဒီလေးရာစုမှ အေဒီကိုးရာစုအတွင်း ထွန်း ကားခဲ့သော ရှေးပျူမြို့ဟောင်းတစ်မြို့ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတုတော် များ၊ ပျူကချေသည်အရုပ်များနှင့် ရွှေပေလွှာ များကိုတွေ့ရှိခဲ့ရပြီး မြို့ရိုးပတ်လည်မှာ ရှစ်မိုင် ငါးဖာလုံရှည်လျားကာ ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်းသည်။
















