မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန်နှင့် ထိုးသတ်ရန် စိန်ခေါ်ထားသည့် ဝမ်းချန်ပီယံရှစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်းဖြစ်သော ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒွန်ဗီရာသည် အီတလီနိုင်ငံသား ဆီရီလီနှင့် နိုဝင်ဘာ ၂၃ရက် ညပိုင်းက ဖိလစ်ပိုင်နိုင်ငံ၌ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ခဲ့ရာ ပထမအချီ တစ်မိနစ် နှင့် လေးစက္ကန့်တွင် အလဲထိုးအနိုင်ရခဲ့သည်။
အရှုံးပေးခဲ့ရ
သရုပ်ဆောင်တစ်ဦးဖြစ်သူ အသက် ၄၁နှစ်အရွယ် ဘရန်ဒွန်ဗီရာသည် ဖိလစ်ပိုင်နိုင်ငံ၌ ရုပ်ရှင်များ ရိုက်ကူးနေခဲ့၍ MMA ကြိုးဝိုင်းနှင့် နှစ်နှစ်ကျော်ကြာဝေးကွာခဲ့ပြီး ယခုနှစ်မှသာ ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ပွဲမှာ အကြိတ်အနယ်ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ပွဲချိန် တစ်မိနစ်နှင့် လေးစက္ကန့်တွင် ဘရန်ဒွန်ဗီရာ၏ ဘယ်လက်သီးချက်ကြောင့် ဆီရီလီ လဲကျခဲ့ပြီး အရှုံးပေးခဲ့ရသည်။
သန်မာဆဲ
ပွဲအပြီး၌ ဘရန်ဒွန်ဗီရာက " ဆီရီလီထိုးခဲ့တဲ့ပွဲတွေကို ညတိုင်းလေ့လာတယ်။ အိပ်ရင်းနဲ့လည်း လေ့လာခဲ့တယ်။ ကျွန်တော်ကြိုးဝိုင်းနဲ့ဝေးနေတာ နှစ်နှစ်ရှိပါပြီ။ ဒါပေမယ့် အခုထက်ထိ ကျွန်တော်သန်မာဆဲပါပဲ" ဟု ပြောဆိုခဲ့သည်။ ယခုနိုင်ပွဲကြောင့် ဘရန်ဒွန်ဗီရာသည် ဝမ်းချန်ပီယံရှစ် ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို တစ်ကျော့ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
စိန်ခေါ်ထား
ဘရန်ဒွန်ဗီရာသည် လာမည့်နှစ်မတ်လတွင် ဂျပန်နိုင်ငံ၌ကျင်းပဖွယ်ရှိနေသည့် လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲ၌ လက်ရှိချန်ပီယံအောင်လအန်ဆန်ကို စိန်ခေါ်ထားပြီး ဝမ်းချန်ပီယံရှစ်မှ အဆိုပါပြိုင်ပွဲနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။















