ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုအပါအဝင် ပါကစ္စတန်၌ အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ၃၅ ဦး ရှိသွားပြီဖြစ်ကြောင်း ပါကစ္စတန်အာဏာပိုင်တို့က နိုဝင်ဘာ ၂၄ ရက်၌ ပြောဆိုခဲ့သည်။
တောင်ပိုင်းဆိပ်ကမ်းမြို့ကရာချိရှိ တရုတ်ကောင်စစ်ဝန်ရုံးကို သေနတ်သမားများ တိုက်ခိုက်မှုကြောင့် လေးဦးသေဆုံးခဲ့ပြီး အနောက်မြောက်ပိုင်း အိုရက်ဇ်ဇိုင်းဒေသ ကလာယာမြို့ရှိ လဟာပြင်ဈေးတစ်ခုကို ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် တိုးမြင့်ခြဲ့ခင်းဖြစ်သည်။
အများအပြားလည်း ဒဏ်ရာရရှိခဲ့ပြီး အာဖဂန်နစ္စတန်နှင့် ဆက်စပ်နေသည့် ယင်းမြို့တွင် ထိခိ်ုက်သူ အများစုသည် လူနည်းစု ရှီယိုက်မွတ်ဆလင်များဖြစ်သည်။
တိုက်ခိုက်မှုများကို ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်ဝါဒစွဲအပြုအမူ ဖြစ်ကြောင်း၊ တိုက်ခိုက်မှုနှစ်ခု၏ဆက်စပ်မှုကို ခြေရာခံပြီး လိုအပ်သလိုတုံ့ပြန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုသည် ၄င်းတို့လက်ချက်ဖြစ်ကြောင်း ဘလူချီစတန်ပြည်နယ်မှ ခွဲထွက်ရေး ဘာလုချ်အုပ်စုက ကြေညာခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် ပါကစ္စတန်အစောင့်နှစ်ဦးနှင့် တရုတ်ဗီဇာလာယူသူ ပါကစ္စတန် သားအဖနှစ်ဦး သေဆုံးခဲ့သည်။
စက်ဆုပ်ဖွယ်ပြစ်မှုကျူးလွန်သူများကို ဆောလျင်စွာတရားစီရင်ရန် ဖမ်းဆီးနိုင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။ ဘာလုချ်အုပ်စုကို အိန္ဒိယကထောက်ပံ့နေကြောင်း ပါကစ္စတန်က ကာလကြာရှည်ကပင် စွပ်စွဲထားသည်။
ယင်းနှစ်နိုင်ငံတို့သည် ၁၉၄၇ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် စစ်ပွဲသုုံးကြိမ်ဆင်နွှဲခဲ့ကာ ခါးသီးသည့်ဆက်ဆံရေးတည်ရှိသည်။

















