ဗြိတိန်အမျိုးသားလုံခြုံရေးအတွက် ရုရှားခြိမ်းခြောက်မှုသည် အိုင်အက်စ်ခြိမ်းခြောက်မှုထက် များစွာသာလွန် ကြီးမားကြောင်း ဗြိတိန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်ကာလီတန်စမစ်က ပြောဆိုလိုက်သည်။
ရုရှားခြိမ်းခြောက်မှုကြောင့် ဦးနှောက်ခြောက်ရခြင်းသည် ဗြိတိန်အတွက် စိတ်မသက်သာဖွယ်ဖြစ်ကြောင်း၊ မိမိတို့၏ ပျော့ကွက်အားနည်းချက်များကို ရုရှားကထောက်လှမ်းပြီး အမြတ်ထုတ်ရန်စူးစမ်းနေကြောင်း ကာလီတန်စမစ်က ဒေးလီးတယ်လီဂရပ်ဖ်သတင်းစာသို့ ပြောဆိုခဲ့သည်။
မတ်လက ဗြိတိန်နေရုရှားသူလျှိုဟောင်း ဆာဂေးစခရီပါးလ်နှင့်သမီး ယူလီယာတို့ အဆိပ်မိခဲ့ခြင်းနှင့် ဆိုက်ဘာ တိုက်ခိုက်မှုများစွာအတွက် ရုရှားကို ဗြိတိန်က အပြစ်တင်ခဲ့သည်။
၄င်းသားအဖမိခဲ့သည့် နိုဗိချော့အဆိပ်နှင့်ပင် ဗြိတိသျှအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။
ရုရှားစစ်ဘက်ထောက်လှမ်းရေး(ဂျီအာရ်ယူ)သည် ဗြိတိန်ရှိ ရုပ်သံကွန်ရက်တစ်ခုနှင့် အမေရိကန်မှ ဒီမိုကရက်တစ်အပါအဝင် ပစ်မှတ်များကို ဆိုင်ဘာတိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း အောက်တိုဘာလတွင် ဗြိတိန်အစိုးရက စွပ်စွဲခဲ့သည်။
အက်စ်အေအက်စ်ကွန်မန်ဒိုတပ်မှူးဖြစ်ခဲ့ပြီး ဇွန်လကမှ ကြည်းတပ်စစ်ဦးစီးချုပ်ဖြစ်လာသည် ၅၄ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ကာလီတန်စမစ်က ရုရှားသည် အနောက်တိုင်း၏အားနည်းချက်များကို စနစ်တကျစူးစမ်းနေကြောင်း၊ အဓိကအားဖြင့် အွန်လိုင်း၊ အာကာသနှင့် ရေအောက်စစ်ဆင်မှုများကို ပစ်မှတ်ထားကြောင်း၊ အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ် ကဲ့သို့ အစ္စလာမ္မစ်ခြိမ်းခြောက်မှုများထက် များစွာကြီးမားသည့်အန္တရာယ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အနောက်ဂျာမနီတွင်မွေးဖွားခဲ့ပြီး ဗြိတိန်ဆင်းဟတ်စစ်တက္ကသိုလ်ဆင်းဖြစ်သည့် ကာလီတန်စမစ်သည် စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုနောက်ဆက်တွဲ အီရတ်နှင့်ဆီးရီးယားတွင် အိုင်အက်စ်တို့ကို စစ်ဆင်ခဲ့စဉ်က ရှေ့တန်းကျကျ ပါဝင်ခဲ့သည့် တာဝန်ကျ ဗြိတိန်တပ်ဖွဲ့ကိုဦးဆောင်ခဲ့ကာ ဘင်လာဒင်ရှာဖွေမှုစစ်ဆင်ရေးကိုလည်း ကွပ်ကဲခဲ့ဖူးသည်။

















