အမေရိကန်ပြည်ထောင်စု၌ ဟာရီကိန်းမုန်တိုင်းနှစ်လုံးဒဏ် ဆက်တိုက်ခံစားခဲ့ရပြီးနောက် ကယ်လီဖိုးနီယားတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ခြင်းတို့ကဲ့သို့ သဘာဝဘေးများသည် ရာသီဥတုပြောင်းလဲမှု ပိုမိုဆိုးရွားခဲ့ကြောင်း အမေရိကန်ဌာနဆိုင်ရာများက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
အစိုးရဌာန ၁၃ ခု ပါဝင်ရေးသားပြီး ထုတ်ပြန်ခဲ့သည့် ယင်းအစီရင်ခံစာသည် သမ္မတဒေါ်နယ်ထရမ့်၏ ရာသီဥတုဆိုင်ရာ မူဝါဒသဘောထားနှင့်ဆန့်ကျင်နေပြီး အစီရင်ခံစာများအပေါ် အိမ်ဖြူတော်က နှုတ်ဆိတ်နေသည်။
ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းကြောင့် အမေရိကန်တွင်လည်း သဘာဘေးများ ပိုမိုပြင်းထန်လာ၍ ၂၀၁၅ ခုနှစ်မှစ၍ ပျက်စီးမှုတန်ကြေး အမေရိကန်ဒေါ်လာဘီလျံ ၄၀ဝ ရှိခဲ့ပြီဖြစ်ကြောင်း အမျိုးသားရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကဲဖြတ်ချက်အစီရင်ခံစာက ဖော်ပြခဲ့သည်။
မကြာမီက ကယ်လီဖိုးနီးယားမြောက်ပိုင်းတောမီးသည် နှစ် ၂၀ အတွင်း ဧရိယာအများဆုံးလောင်ကျွမ်းမှုဖြစ်ပြီး ကမ္ဘာကြီး ပိုမိုပူနွေးလာကာ ခြောက်သွေ့ရာသီဥတုတိုးပွားလာ၍ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ ဝီလျံဟိုအန်းစတိန်းက နိုဝင်ဘာ ၂၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ အစီရင်ခံစာတွင် စိုက်ပျိုးရေးဌာန၊ နာဆာအဖွဲ့နှင့် ပြင်ပသုတေသီများလည်း ပါဝင်ရေးသားခဲ့ပြီး မကြာမီက သုတေသနပြုချက် ၁၀ဝ ကျော်အခြေပြုလျက် နှစ်စဉ်ထုတ်ပြန်နေကျအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်နယ် ၄၈ ခုတွင် ၁၉၀ဝ ပြည့်နှစ်မှစ၍ ၁ ဒသမ ၈ ဒီဂရီ(၁ ဒီဂရီဆဲစီယပ်စ်)ပိုမိုပူနွေးခဲ့ကြောင်း၊ လိုအပ်သည့်ကာကွယ်လုပ်ဆောင်မှုပြုခြင်း မပြုခြင်းပေါ် မူတည်၍ ယခုရာစုနှစ်ကုန်တွင် အမေရိကန်ပြည်ထောင်စုသည် ၃ ဒီဂရီမှ ၁၂ ဒီဂရီ(၁ ဒသမ ၆ မှ ၆ ဒသမ ၆ ဒီဂရီဆဲလ်စီယပ်စ်) ပိုမိုပူနွေးလာလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာက သတိပေးခဲ့သည်။
သမ္မတထရမ့်သည် ရာသီဥတုပြောင်းလဲခြင်းသည် လူသားတို့ပယောဂကြောင့် မည်မျှဖြစ်ရသည်၊ သဘာဝအလျောက် မည်မျှဖြစ်ရသည်ဟု တွက်ချက်ပြခြင်းကို လက်မခံနိုင်ကြောင်း မဲဆွယ်ကာလကပင် ပြောဆိုထားပြီး ယင်းသဘောထားအမြင်ကို မကြာခဏ ထင်ဟပ်ပြောဆိုခဲ့သည်။

















