မမျှတသော အလုပ်ခွင်အခြေအနေများကြောင့် အမေဇုန်ကုမ္ပဏီဝန်ထမ်းများ ဆန္ဒထုတ်ဖော်

မမျှတသော အလုပ်ခွင်အခြေအနေများကြောင့် အမေဇုန်ကုမ္ပဏီဝန်ထမ်းများ ဆန္ဒထုတ်ဖော်

အွန်လိုင်းအရောင်းကုမ္ပဏီ အမေဇုန်၏ ဥရောပရှိ ဝန်ထမ်းတချို့သည်  မမျှတသော အလုပ်ခွင်အခြေအနေများနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၃ ရက်တွင် အလုပ်မလုပ်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

မက်ဒရစ်နားရှိ  ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ရေးဌာနမှ ဝန်ထမ်း ၉၀ ရာခိုင်နှုန်းခန့်သည် အနက်ရောင် သောကြာနေ့ဟု အမည်ရသည့် ရောင်းအားကောင်းသော နေ့တွင် အလုပ်ခွင်မှ ထွက်ခွာခဲ့ကြကြောင်း အမေဇုန်စပိန်ရှိ အလုပ်သမားသမဂ္ဂများကပြောဆိုခဲ့သည်။ သို့သော် အလုပ်သမားအများစုသည် အလုပ်ခွင်တွင်ရှိခဲ့ကြောင်း အမေဇုန်က တုံ့ပြန်ခဲ့သည်။
    ကုမ္ပဏီကို ငွေကြေးအရ ထိခိုက်နစ်နာစေလိုသောကြောင့် အလုပ်ခွင်မှ ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးဖြစ်သည့် အီဒူယာဒို ဟာနန်ဒက်ဇ်ကပြောဆိုခဲ့သည်။ ကုမ္ပဏီက ကျွန်တော်တို့ ပြောတာကိုနားမထောင်သလို သဘောတူညီမှုလည်း မယူချင်ဘူးလေ၊ ဒါကြောင့် အမေဇုန်ငွေကြေးအရ အများကြီးထိခိ်ုက်နစ်နာသွားအောင် ရောင်းအားအကောင်းဆုံးနေ့မှာ လုပ်ခဲ့တာ ဟု ဟာနန်ဒက်ဇ်ကပြောဆိုခဲ့သည်။
    အမေဇုန်ကုမ္ပဏီရှိ လုံခြုံရေးအခြေအနေများကိုဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နေရာငါးနေရာတွင် ဆန္ဒပြမှုများကိုပြုလုပ်မည်ဖြစ်ကြောင်း ဗြိတိန်ရှိ အလုပ်သမားသမဂ္ဂများကပြောဆိုခဲ့သည်။ ဂျာမနီရှိ ရိုင်းဘေ့( ရိုင်းဘတ်) နှင့် ဘတ်ဟဲဇ်ဖေတို့ရှိ အမေဇုန်ဖြန့်ချိရေးဌာနများ၌လည်း အလုပ်သမားများသည် လစာတိုးမြှင့်ပေးရန် နှစ်များစွာတောင်းဆိုခဲ့ခြင်းကို လိုက်လျောခြင်းမရှိသည့်အတွက် အလုပ်ခွင်မှထွက်ခွာခဲ့ကြသည်။ 
    အမေဇုန်ကုမ္ပဏီဝန်ထမ်းများသည် အခြားကုမ္ပဏီများရှိ ဝန်ထမ်းများလောက် လစာရရှိခြင်းမရှိကြောင်း သမဂ္ဂများကပြောဆိုခဲ့သည်။ ဂျာမနီရှိ ဖြန့်ချိရေးကုန်လှောင်ရုံဝန်ထမ်းများသည် အလားတူလုပ်ငန်းနယ်ပယ်ရှိ အခြားဝန်ထမ်းများထက် လစာပိုကောင်းကြောင်း အမေဇုန်ကပြောဆိုခဲ့သည်။
    အနက်ရောင်သောကြာနေ့တွင် လျှော့ဈေးဖြင့်ရောင်းချမှုကို အမေရိကန်ရှိ လက်လီအရောင်းကုမ္ပဏီများက အဓိကလုပ်ဆောင်ခြင်းဖြစ်သော်လည်း အခြားနိုင်ငံများတွင်လည်း အလားတူလိုက်လံကျင့်သုံးခဲ့သည်။