တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ရထားလမ်းချင်း ချိတ်ဆက်နိုင်ရေးအတွက် မြောက်ကိုရီးယားရှိ ရထားလမ်းတစ်စိတ်တစ်ပိုင်းကို သုံးသပ်မှုများပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပိတ်ဆို့မှုတချို့ကို ဖြေလျှော့ပေးလိုက်ကြောင်း တောင်ကိုရီးယားအစိုးရက နိုဝင်ဘာ ၂၄ ရက်တွင်ပြောဆိုခဲ့သည်။
သုံးသပ်မှုများကြောင့် တောင်ကိုရီးယားသည် မြောက်ပိုင်းရှိ ရထားလမ်းများတွင် စမ်းသပ်ရန် ရထားတွဲဆိုင်းများ၊ လောင်စာနှင့် ကုန်ပစ္စည်းများကို မြောက်ကိုရီးယားဘက်ခြမ်းသို့ တင်သွင်းခွင့်ရရှိမည်ဖြစ်သည်။
နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီမှုရရှိခဲ့သည့်အတိုင်း ကိုရီးယားနှစ်နိ်ုင်ငံသည် ယခုနှစ်အကုန်တွင် ရထားလမ်းနှင့် ကားလမ်းများကို ချိတ်ဆက်ရေး စီမံကိန်းကို ယခုနှစ်အကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်ရန်ရှိနေသည်။ သို့သော် အမေရိကန်ဦးဆောင်ပြီး မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများချမှတ်ထားသည့်အတွက် သုံးသပ်ခြင်းမှလွဲ၍ အခြားလုပ်ဆောင်ဖွယ်ရာများကို ဆောင်ရွက်ခွင့်မရှိဘဲဖြစ်နေခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းတို့ ယခုနှစ်အတွင်း သုံးကြိမ်တွေ့ဆုံခဲ့ပြီးနောက် မြောက်ကိုရီးယားရှိ ခေတ်မမီတော့သည့် ရထားလမ်းများနှင့် ကားလမ်းများကို အဆင်မြှင့်တင်ပြီး တောင်ပိုင်းနှင့် ချိတ်ဆက်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ကင်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်လည်း စင်ကာပူ၌ ဇွန်တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးသည် နျူလက်နက်ကင်းစင်သည့် ကိုရီးယားကျွန်းဆွယ်ကိုဖန်တီးမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့သည်။
နျူလက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ တိုးတက်မှုမရှိမီတွင် ပိတ်ဆို့မှုများကို ဦးစွာ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားကပြောဆိုခဲ့သည်။ မြောက်ကိုရီးယားရှိ ရထားလမ်းများကို စစ်ဆေးသုံးသပ်ခြင်းသည် ကုလ၏ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းမဟုတ်သောကြောင့် အောက်တိုဘာတွင် စတင်လုပ်ဆောင်လိုကြောင်း တောင်ကိုရီးယားက ကနဦးတွင်ပြောဆိုခဲ့သည်။
သို့သော် အမေရိကန်နှင့်အမြင်မတူသောကြောင့် ဆွေးနွေးနေရကြောင်း တောင်ကိုရီးယားက နောက်ပိုင်းတွင် ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် နျူလက်နက်ဖျက်သိမ်းရေးကို လက်တွေ့လုပ်ဆောင်ပြီး ပိတ်ဆို့မှုများမှ သက်သာခွင့်ရရှိခဲ့လျှင်တောင် မြောက်ကိုရီးယားရှိ ရထားကွန်ရက်နှင့် ရထားလမ်းများ အိုဟောင်းနေသောကြောင့် ယင်းတို့ကိုပြုပြင်ရန် ဆယ်စုနှစ်များစွာ အချိန်ယူရမည်ဖြစ်သလို ဒေါ်လာဘီလျံပေါင်းများစွာလည်း ကုန်ကျမည်ဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။

















