အင်္ဂလန်ရှိ အမျိုးသမီးလေးဦးလျှင် တစ်ဦး၌ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်စိတ်လွန်ကဲခြင်းကဲ့သို့ စိတ်ကျန်းမာရေးပြဿနာများရှိနေကြောင်း အမျိုးသားကျန်းမာရေးဌာန၏စာရင်းအင်းများအရ သိရသည်။
အသက် ၁၇ မှ ၁၉ နှစ်ကြား အမျိုးသမီးများသည် အသက်အရွယ်တူအမျိုးသားများထက် စိတ်ကျန်းမာရေးပြဿနာရှိနိုင်ခြေနှစ်ဆပိုများပြီး စိတ်ပိုင်းဆိုင်ရာစံသွေမှုရှိနေကြောင်း အမျိုးသမီး ၂၃ ဒသမ ၉ ရာခိုင်နှုန်းကပြောဆိုခဲ့သည်ဟု အမျိုးသားကျန်းမာရေးဌာန၏အစီရင်ခံစာတွင်ဖော်ပြထားသည်။
လူငယ် ၉၀ဝ၀ ကျော်ကို စစ်တမ်းကောက်ယူမှုအပေါ် အခြေခံပြီး အစီရင်ခံစာ ရေးသားခဲ့ခြင်းဖြစ်သည်။
ရုပ်ရည်ပိုင်းဆိုင်ရာဖိအား၊ စာမေးပွဲဆိုင်ရာဖိအားနှင့် လူမှုမီဒီယာ၏ဆိုးကျိုးများသည် မိန်းကလေးများအပေါ် သက်ရောက်မှုရှိနေပြီး ၎င်းတို့သည် ရုပ်ပိုင်းနှင့် လိင်ပိုင်းအနိုင်ကျင့်ခံရနိ်ုင်ခြေပိုများကြောင်း စိတ်ကုပညာရှင်များဆိုင်ရာတော်ဝင်ကောလိပ်မှ ဒေါက်တာ ဘာနတ်ကာ ဒူဘစ်ကာကပြောဆိုခဲ့သည်။
ထို့ပြင် ကျန်းမာရေးဌာန၏ အကူအညီပေးမှုတွင်လည်း လိုအပ်ချက်များရှိနေကြောင်း အင်္ဂလန်ရှိ ကလေးများဆိုင်ရာကော်မရှင်နာ အန်း လောင်းဖီးကပြောဆိုခဲ့သည်။ အင်္ဂလန်၌ စိတ်ကုပညာရှင်များနှင့် တွေ့ဆုံခွင့်ရရှိရန် အချိန်ကာလကြာမြင့်စွာစောင့်ဆိုင်းရတတ်ပြီး ဌာနက ကုသမှုမပြုလုပ်သည့် နေရာတချို့လည်းရှိနေကြောင်း လောင်းဖီးက ပြောဆိုခဲ့သည်။
စိတ်ကျန်းမာရေးပြဿနာရှိနေသည့် ဆယ်ကျော်သက်အရွယ်ထက်ဝက်နီးပါးသည် ကိုယ့်ကိုယ်ကိုယ်အန္တရာယ်ပြုလေ့ရှိသလို သတ်သေရန်လည်း ကြိုးပမ်းလေ့ရှိသည်။
ဒီဂျစ်တယ်နည်းပညာကြောင့်လည်း စိတ်ကျန်းမာရေးအခြေအနေများပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောဆိုခဲ့သည်။
စိတ်ကျန်းမာရေးပြဿနာရှိသည့် အသက် ၁၁ မှ ၁၉ နှစ်ကြား ကလေးများသည် လူမှုမီဒီယာအသုံးပြုနိုင်ခြေပိုများကြောင်း ကျန်းမာရေးဌာန၏လေ့လာမှုတွင်ဖော်ပြထားသည်။ ယင်းကလေးများအနက် သုံးပုံတစ်ပုံသည် တစ်ရက်လျှင် လေးနာရီခန့် လူမှုမီဒီယာအသုံးပြုနေသည်။
စိတ်ကျန်းမာရေးပြဿနာရှိသည့် လူငယ်များသည် လူမှုမီဒီယာရှိ Like ရရှိမှုပမာဏက စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိကြောင်း ပြောဆိုခဲ့သည်။ ဆိုက်ဘာအနိုင်ကျင့်မှု သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် စိတ်ပိုင်းအနိုင်ကျင့်မှုများသည်လည်း စိတ်ကျန်းမာရေးဆိုးရွားစေသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်။
ဆယ်ကျော်သက်အရွယ်တွင် ဦးနှောက်သည် အရေးပါသည့် ပြောင်းလဲမှုများကိုဖြတ်သန်းရသောကြောင့် ယင်းအရွယ်သည် လူတစ်ဦး၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း လန်ဒန်တက္ကသိုလ်မှ စိတ်ကုပညာရှင် ဒေါက်တာ မိုက်ကယ် ဘလွမ်းဖီးကပြောဆိုခဲ့သည်။

















