ထိုင်ဝမ်( တရုတ်တိုင်ပေ) ၌ နိုဝင်ဘာ ၂၄ ရက်တွင် လိင်တူလက်ထပ်မှုကို တရားဥပဒေဖြင့် အတည်ပြုသင့်မသင့်နှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲကိုကျင်းပခဲ့သည်။
ထိုင်ဝမ်( တရုတ်တိုင်ပေ) ထိပ်တန်းတရားရုံးက လိင်တူလက်ထပ်ခွင့်ပြုကြောင်း ဆုံးဖြတ်ထားပြီးဖြစ်ကာ လွှတ်တော်ကိုလည်း ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသစ်ပြဌာန်းခြင်းတို့ကိုပြုလုပ်ရန် နှစ်နှစ်အချိန်ပေးထားသည်။ သို့သော် နိုင်ငံသားအများစုသည် လိင်တူလက်ထပ်မှုကိုမလိုလားကြောင်း လွန်ခဲ့သောအပတ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းများတွင်ဖော်ပြထားသည်။
ထိုင်ဝမ်( တရုတ်တိုင်ပေ) သားများသည် ၂၀၂၀ တိုကျိုအိုလံပစ်၌ ထိုင်ဝမ်( တရုတ်တိုင်ပေ) သို့မဟုတ် ထိုင်ဝမ် အနက် မည်သည့်အမည်ဖြင့် အခေါ်ခံလိုသည်အပါအဝင် မေးခွန်း ၁၀ ခုကို မဲပေးကြရမည်ဖြစ်သည်။ ယခုလောလောဆယ်တွင် ထိုင်ဝမ်သည် ၁၉၈၀ ပြည့်နှစ်ကျော်ကာလများတွင် တရုတ်နှင့်ရရှိခဲ့သည့် နာမည်ဖြစ်သည့် တရုတ်တိုင်ပေဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်နေသည်။
ထိုင်ဝမ်( တရုတ်တိုင်ပေ) သည် ၁၉၄၉ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ဖြင့် လည်ပတ်ခဲ့သော်လည်း တရုတ်ကမူ ထိုင်ဝမ်( တရုတ်တိုင်ပေ) သည် တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့် ပြန်လည်ဆုံစည်းမည့် ဒေသတစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါကလည်း အင်အားသုံးသိမ်းပိုက်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ပြည်သူ့ဆန္ဒခံယူပွဲနှင့်အတူ ဒေသဆိ်ုင်ရာ ရွေးကောက်ပွဲများကိုလည်း တစ်ပြိုင်နက်ကျင်းပနေသည်။ မဲရုံများသည် ဒေသဆိုင်ရာစံတော်ချိန် ညနေ ၄ နာရီတွင်ပိတ်ခဲ့သည်။ ကနဦးရလဒ်များကို နိုဝင်ဘာ ၂၄ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်။
အယူအစွဲကြီးသူများက အမျိုးသားနှင့် အမျိုးသမီးတို့ကြား ပေါင်းစည်းမှုကိုသာ လက်ထပ်မှုဟုခေါ်ဆိုရန် တိုက်တွန်းနေသော်လည်း ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်းများ( LGBT) များကမူ တန်းတူလက်ထပ်ခွင့်ရရှိသင့်ကြောင်း ပြောဆိုခဲ့သည်။
နိုင်ငံသား ၇၇ ရာခိုင်နှုန်းက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကြား ပေါင်းစည်းမှုကိုသာ အိမ်ထောင်ပြုမှုအဖြစ် သတ်မှတ်လိုကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်ဝမ်( တရုတ်တိုင်ပေ) အများပြည်သူအမြင် ဖောင်ဒေးရှင်းက ပြုလုပ်သော စစ်တမ်းတွင်ဖော်ပြထားသည်။

















