အမေရိကန်၌ခိုလှုံလိုသူ ရွှေ့ပြောင်းများကို လက်ခံထားလိုခြင်း မရှိကြောင်း နောက်တက်မည့် မက္ကဆီကိုအစိုးရသစ်ပြောဆို

အမေရိကန်၌ခိုလှုံလိုသူ ရွှေ့ပြောင်းများကို လက်ခံထားလိုခြင်း မရှိကြောင်း နောက်တက်မည့် မက္ကဆီကိုအစိုးရသစ်ပြောဆို

မက္ကဆီကိုနိုင်ငံတွင် ရွေးချယ်ခံထားရသည့် လာမည့်အစိုးရသစ်က အမေရိကန်၌ခိုလှုံရန်ရည်ရွယ်ချက်ဖြင့် လာရောက်နေသော ဗဟိုအမေရိကမှ ရွှေ့ပြောင်းခရီးသည်များကို နိုင်ငံတွင်း လက်ခံထားရန် အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ရွှေ့ပြောင်းများသည် မက္ကဆီကိုသို့ဖြတ်သန်းရောက်ရှိနေပြီး အမေရိကန်တွင်ခိုလှုံခွင့်ရရန် စောင့်ဆိုင်းနေစဉ် မက္ကဆီကိုက လက်ခံထားရန် အမေရိကန်နှင့်သဘောတူညီထားသည်ဆိုခြင်းကို မက္ကဆီကိုအစိုးရသစ်က ပယ်ချလိုက်ခြင်း ဖြစ်သည်။

ယင်းသို့သဘောတူညီထားမှု မရှိကြောင်း အနာဂတ်ပြည်ထဲရေးဝန်ကြီး အိုလ်ဂါဆန်ချေ့ဇ်က ထုတ်ပြန်ခဲ့သည်။
    ရွေးချယ်ခံထားရပြီး ဒီဇင်ဘာ ၁ ရက်မှစတင်တာဝန်ထမ်းဆောင်မည့် မက္ကဆီကိုသမ္မတသစ် အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒါ၏ အစိုးရသစ်သည် ရွှေ့ပြောင်းများ အမေရိကန်ခိုလှုံခွင့်ရရန် လချီနှစ်ချီ၍ စောင့်ဆိုင်းနေစဉ်အတွင်း မက္ကဆီကိုက ယာယီလက်ခံထားရန် အမေရိကန်အစိုးရနှင့်သဘောတူထားကြောင်း ဝါရှင်တန်ပို့စ်ကဖော်ပြခဲ့ပြီးနောက် အစိုးရသစ်ဘက်က မဟုတ်မှန်ကြောင်း ငြင်းဆန်လိုက်ခြင်းဖြစ်သည်။
    နောက်တက်လာမည့် လိုပက်ဇ်အစိုးရနှင့် အမေရိကန်အစိုးရတို့ အားကောင်းသည့်ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပြီး ကိစ္စများစွာ ကျယ်ပြန့်စွာရှေ့တိုးဆောင်ရွက်ကြမည်ဖြစ်ကြောင်း အိမ်ဖြူတော်ကပြောဆိုထားသည်။

နယ်စပ်အကျပ်အတည်းဟု အမေရိကန်တို့က သတ်မှတ်သည့်အရေးကို မက္ကဆီကိုနှင့်အဖြေရှာရန် လပေါင်းများစွာ ကြိုးပမ်းခဲ့ကြသည်။
    လက်ရှိမက္ကဆီကိုသမ္မတ ပဲညာနီတိုးက နိုင်ငံတွင်းရောက်ရှိနေသည့် ထောင်ချီသော ဗဟိုအမေရိက ရွှေ့ပြောင်းများအနေဖြင့် ဆန္ဒရှိလျှင် မက္ကဆီကိုတွင် ခိုလှုံခွင့်တောင်းခံနိုင်ပြီး နိုင်ငံတောင်ပိုင်းတွင် နေရာချထားပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ 
ယင်းကမ်းလှမ်းချက်ကို ရွှေ့ပြောင်း ၃၀ဝ၀ နီးပါးက လက်ခံရယူခဲ့သည်။ လိုပက်ဇ်အစိုးရသစ်ကမူ မက္ကဆီကိုကို ဘေးကင်းသည့်တတိယနိုင်ငံတစ်ခု ဖြစ်လာစေရေး အစီအစဉ်မရှိကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။