ပြင်သစ်တပ်ဖွဲ့များ၏ စီးနင်းတိုက်ခိုက်မှုတစ်ခုအတွင်း မာလီနိုင်ငံ၏ ထိပ်တန်းဂျီဟတ်ဝါဒီ အကြမ်းဖက်ခေါင်းဆောင် တစ်ဦးသေဆုံးခဲ့ကြောင်း မာလီစစ်တပ်ကပြောဆိုခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ မော့ပ်တီဒေသအလယ်ပိုင်းတွင် အယ်လ်ခိုင်ဒါနှင့်ဆက်နွှယ်သည့် အစွန်းရောက်များအား ရဟတ်ယာဉ်များ၊ ဒရုန်းယာဉ်ပျံများ အသုံးပြုတိုက်ခိုက်သည့် ပြင်သစ်အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အစွန်းရောက် ၃၀ ခန့်သေဆုံးခဲ့ရာ ခေါင်းဆောင်ဖြစ်သူ အမာဒိုကိုအူဖာလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
ကိုအူဖာသည် မာလီနှင့် အိမ်နီးချင်းဘာကီနာဖာဆိုတို့တွင် မကြာခဏတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် ဂျမက်နျူဆရတ် အယ်လ်အစ္စလာမ် ဝါလ်မူဆလီမင်(ဂျေအင်န်အိုင်အမ်)အဖွဲ့မှ ထိပ်တန်းခေါင်းဆောင် တရားဟောဆရာ တစ်ဦးဖြစ်သည်။ ကိုအူဖာသေဆုံးကြောင်း ပြင်သစ်စစ်တပ်နှင့် မာလီစစ်တပ်တို့က နိုဝင်ဘာ ၂၄ ရက်တွင် အတည်ပြုခဲ့သည်။
ပြင်သစ်စစ်တပ်ကလည်းယင်းစစ်ဆင်ရေးသည် ကိုအူဖာကို ဦးတည်ပစ်မှတ်ထားခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပြီး ဖြစ်သည်။
ဂျေအင်န်အိုင်အမ်အဖွဲ့ကမူ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမပြုသေးပေ။ ယင်းအဖွဲ့အပါအဝင် ဂျီဟတ်ဝါဒီများသည် ၂၀၁၂ ခုနှစ်တွင် မာလီမြောက်ပိုင်းနေရာအများစုကိုထိန်းချုပ်ခဲ့ပြီး နောက်တစ်နှစ်တွင် ပြင်သစ်ဦးဆောင်ပြီး အာဖရိက ငါးနိုင်ငံပူးပေါင်းပါဝင်သည့် စစ်ဆင်ရေးများဖြင့် ပြန်လည်မောင်းထုတ်ခံခဲ့ရသည်။
သို့သော် မာလီနိုင်ငံနေရာအချို့သည် အစိုးရထိန်းချုပ်မှုအောက်မှ လွတ်မြောက်နေဆဲဖြစ်သည်။
မာလီသည် ပြင်သစ်၏ကိုလိုနီလက်အောက်ခံဘဝကျရောက်ခဲ့ဖူးပြီး မာလီအကြမ်းဖက်မှုများကို နှိမ်နင်းပေးရန် တပ်အင်အား ၃၀ဝ၀ ပေးပို့ထားကာ ယင်းသည်ပြင်သစ်အတွက် ပြည်ပတွင် အများဆုံးတပ်အင်အား ဖြန့်ချမှုဖြစ်သည်။

















