ထိုင်ဝမ် (တရုတ်တိုင်ပေ) တွင် လိင်တူလက်ထပ်ခွင့်ကို ပြည်သူ့ဆန္ဒခံယူပွဲဖြင့် ပယ်ချခံရ

ထိုင်ဝမ် (တရုတ်တိုင်ပေ) တွင် လိင်တူလက်ထပ်ခွင့်ကို ပြည်သူ့ဆန္ဒခံယူပွဲဖြင့် ပယ်ချခံရ

ထိုင်ဝမ်(တရုတ် တိုင်ပေ) တွင် လိင်တူလက်ထပ်ခွင့် ပြုသင့် မသင့် ပြည်သူ့ဆန္ဒခံယူခဲ့ရာ မပြုသင့်သည့် ဘက်က မဲသာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေသရွေးကောက်ပွဲတွင် ရှုံးနိမ့်သဖြင့် ထိုင်ဝမ်(တရုတ် တိုင်ပေ) ခေါင်းဆောင် ဆိုင်အင်ဝမ်သည် အာဏာရ ဒီပီပီ ပါတီ၏ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လက တရားလွှတ်တော်ချုပ်က လိင်တူလက်ထပ်ခွင့်ကို မျက်နှာသာပေးသည့် ဆုံးဖြတ်ချက်ကို ချမှတ်ပေးခဲ့သည့်တိုင် ပြည်သူ့ဆန္ဒခံယူပွဲက လိင်တူလက်ထပ်ခွင့်ကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ လိင်တူလက်ထပ်လိုသူများကို အခွင့်အရေးပေးမည့် ဥပဒေမျိုးကို ပြင်ဆင်ရေးဆွဲရန် တရားလွှတ်တော်ချုပ်က လွှတ်တော်ကို အချိန်နှစ်နှစ်ပေးထားရာ ယခု ဆန္ဒခံယူပွဲ ရလဒ်က လွှတ်တော်လုပ်ငန်းများအပေါ် မည်သို့ သက်ရောက်မည်ကို မသိရသေး။ 
    တရုတ် (တိုင်ပေ) တွင် အိမ်ထောင်ပြုခြင်းဟူသည် အမျိုးသားနှင့် အမျိုးသမီး ဥပဒေအရ ပေါင်းစည်းနေထိုင်ခြင်းဖြစ်သည်ဟု သတ်မှတ်ထားချက်ကို မပြောင်းမလဲ ဆက်ထားသင့် မသင့် မေးခွန်းအပေါ် သဘောထားခံယူခဲ့ခြင်းဖြစ်သည်။ မဲရလဒ်များက မဲဆန္ဒရှင် အများစုသည် သမားရိုးကျ မိသားစုပုံစံကို ဆက်လက်လက်ခံမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ လိင်တူအခွင့်အရေး လှုပ်ရှားသူများကမူ ထိမ်းမြားလက်ထပ်ခြင်း ဥပဒေတွင် လိင်တူပေါင်းသင်း နေထိုင်လိုသူများကိုပါ ထည့်သွင်းပေးရန် တောင်းဆိုလှုပ်ရှားလျက်ရှိသည်။
    ဆိုင်အင်ဝမ်သည် ၂၀၁၆ ခုနှစ်တွင် ထိုင်ဝမ်(တရုတ် တိုင်ပေ)ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ယင်းအချိန်က စတင်ကာ တရုတ် (တိုင်ပေ) နှင့် တရုတ် ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ 
    တရုတ်နှင့် တရုတ် (တိုင်ပေ) သည် တစ်ခုတည်းသော တရုတ်ပြည်၏ အစိတ်အပိုင်းများ ဖြစ်သည်ဟူသော ၁၉၉၂ သဘောတူချက်ကို လိုက်နာရန် မစ္စ ဆိုင်က ငြင်းပယ်သဖြင့် တရုတ်အစိုးရသည် မစ္စ ဆိုင်နှင့် ဆက်ဆံရန် ငြင်းပယ်ခဲ့သည်။