လိင်အမြတ်ထုတ်ခံရပါက နှုတ်ဆိတ်မနေဘဲ ထုတ်ဖော်တိုင်ကြားကြရန် ကမ္ဘာ့ကတ်သလစ် သီလရှင်များအဖွဲ့အစည်း နှိုးဆော်

လိင်အမြတ်ထုတ်ခံရပါက နှုတ်ဆိတ်မနေဘဲ ထုတ်ဖော်တိုင်ကြားကြရန် ကမ္ဘာ့ကတ်သလစ် သီလရှင်များအဖွဲ့အစည်း နှိုးဆော်

ကတ်သလစ် သီလရှင်များအနေဖြင့် လိင်အမြတ်ထုတ် အနိုင်ကျင့်ခံရပါက နှုတ်ဆိတ်မနေဘဲ ရဲတပ်ဖွဲ့ကိုသော်လည်းကောင်း၊ တာဝန်ရှိသူများကိုသော်လည်းကောင်း အသိပေးတိုင်ကြားရန် ကမ္ဘာ့ကတ်သလစ် သီလရှင်များ အဖွဲ့အစည်းက နှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။ 

International Union of Superiors General (UISG) အဖွဲ့သည် ကမ္ဘာတစ်ဝန်းမှ ကတ်သလစ် သီလရှင် ငါးသိန်းကျော်ကို ကိုယ်စားပြုသောအဖွဲ့လည်း ဖြစ်သည်။

လိင်ပိုင်းအနိုင်ကျင့်ခံရသည့် ကတ်သလစ် သီလရှင်များ ထုတ်ဖော်တိုင်ကြားရဲသည့် သတ္တိရှိလာစေရန်၊ ကျူးလွန်သူများကို ဖော်ထုတ်ကာ ဥပဒေအရ အပြစ်ပေးနိုင်စေရန်အတွက် အထက်ပါအဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 
    ကုလသမဂ္ဂ ဦးဆောင်စီစဉ်သော နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုကာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ရောမအခြေစိုက် UISG အဖွဲ့၏ ကတ်သလစ် သီလရှင်များနှင့် လိင်အမြတ်ထုတ်ခံရမှုဆိုင်ရာ ဦးဆုံးထုတ်ပြန်ချက်တစ်ခုလည်း ဖြစ်သည်။

ယခုနှစ်အတွင်း ကတ်သလစ် သီလရှင်များကို သင်းအုပ်ဆရာများ၊ ဘစ်ရှော့များက လိင်အမြတ်ထုတ်သည့် မှုခင်းများ ဖြစ်ပွားခဲ့ပြီးနောက်တွင် UISG က အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 
    UISG ထုတ်ပြန်ချက်တွင် မည်သူမည်ဝါဟု ရည်ညွှန်းခြင်းမရှိသော်လည်း ကတ်သလစ် ဘုရားကျောင်းနှင့် အဖွဲ့အစည်းအတွင်း ဖြစ်ပွားနေသည့် အနိုင်ကျင့်မှုများဟု ထည့်သွင်းဖော်ပြထားသည်။ လိင်ပိုင်းသာမက၊ နှုတ်အားဖြင့်၊ စိတ်အားဖြင့် အနိုင်ကျင့်မှုများကိုပါ ထည့်သွင်းဖော်ပြထားသည်။ 
    အဖွဲ့အစည်း နာမည်ပျက်မည်စိုးသောကြောင့်ဟုဆိုကာ ရေငုံနှုတ်ပိတ်နေသည့် တာဝန်ရှိသူများသည်လည်း ကြံရာပါများဖြစ်သောကြောင့် ရှုတ်ချကြောင်းလည်း UISG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။