အာရှယူ-၂ဝဖူဆယ်ချန်ပီယံရှစ်ခြေစစ်ပွဲယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ မြန်မာအသင်း ကြိုတင်ထွက်ခွာမည်

အာရှယူ-၂ဝဖူဆယ်ချန်ပီယံရှစ်ခြေစစ်ပွဲယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ မြန်မာအသင်း ကြိုတင်ထွက်ခွာမည်

၂၀၁၉ အာရှယူ-၂ဝဖူဆယ်ချန်ပီယံရှစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်  မြန်မာယူ-၁၉ဖူဆယ်အသင်းသည် နိုဝင်ဘာ ၂ရရက်တွင် ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာပြီး ခြေစမ်းပွဲသုံးပွဲကစားရန် စီစဉ်ထားကြောင်းသိရသည်။

အုပ်စုပတ်လည်

အာရှယူ-၁၉ဖူဆယ်ချန်ပီယံရှစ်ခြေစစ်ပွဲ အာဆီယံဇုန်အုပ်စုပွဲစဉ်များကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၅ရက် မှ ၉ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းမှာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားအသင်းတို့နှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲမတိုင်မီ မြန်မာဖူဆယ်အသင်းမှာ ထိုင်းနိုင်ငံသို့ နိုဝင်ဘာ ၂ရရက်တွင် ကြိုတင်ထွက်ခွာပြီး ထိုင်းကလပ်များနှင့် ခြေစမ်းပွဲသုံးပွဲကစားမည်ဖြစ်ပြီး ခြေစမ်းမည့် ရက်နှင့် ကလပ်များကို ထပ်မံ၍ သတင်းထုတ်ပြန်ပေးမည်ဖြစ်သည်။ 

ချန်လှပ်ခဲ့မည်

မြန်မာယူ-၁၉ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းခရီးသို့ ကစားသမား ၁၈ဦးခေါ်ဆောင်သွားမည်ဖြစ်ပြီး သုံးဦးကို ချန်လှပ်ခဲ့မည်ဖြစ်သည်။ ခြေစမ်းပွဲများ ယှဉ်ပြိုင်ပြီးနောက် ကစားသမား ၁၈ဦးအနက်မှ ထပ်မံ၍ လေးဦးလျှော့ချကာ အာရှယူ-၂ဝဖူဆယ်ချန်ပီယံရှစ် ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် အဆိုပါခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၅ရက်တွင်မလေးရှားအသင်း၊  ၆ရက်တွင် ဗီယက်နမ်အသင်း၊ ရရက်တွင် ထိုင်းအသင်း၊ ၈ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မြန်မာယူ-၁၉အမျိုးသားဖူဆယ်အသင်းကို လက်ရှိအချိန်၌ ကစားသမား ၂၁ဦးဖြင့် ပြင်ဆင် လေ့ကျင့်လျက်ရှိနေပြီး ကစားသမားအများစုမှာ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံမရှိဘဲ ယခုပြိုင်ပွဲမှာ ၎င်းတို့အတွက် ပထမဆုံးနိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံဖြစ်ကြောင်း နည်းပြချုပ် ဦးဌေးမြင့်က ပြောဆိုခဲ့သည်။ 



ဖတ်ရှုမှုအများဆုံး