တပ်မတော်၏ ရပ်တည်ချက်များကိုအင်အားတစ်သောင်းကျော်ဖြင့် ထောက်ခံပွဲ လားရှိုးမြို့တွင် ပြုလုပ်

တပ်မတော်၏ ရပ်တည်ချက်များကိုအင်အားတစ်သောင်းကျော်ဖြင့် ထောက်ခံပွဲ လားရှိုးမြို့တွင် ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီက  မြန်မာ့တပ်မတော်အား ချစ်မြတ်နိုးသူများအဖွဲ့က ဦးဆောင်ကာ အင်အားတစ်သောင်းကျော်ဖြင့် တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲ ပြုလုပ်ရခြင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာဝရခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်းညီညွှတ်စွာဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်များအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

"လက်ရှိပြည်တွင်း ငြိမ်းချမ်းရေးကိုတပ်မတော်က ဦးဆောင်နေတာဖြစ်တဲ့အတွက် ဒီနေ့တပ်မတော်ကိုလာထောက်ခံတာပါ"ဟု လားရှိုးမြို့ဒေသခံဖြစ်သည့်ပြင် ထောက်ခံပွဲတွင် ဝင်ရောက်ဟောပြောခဲ့သူ ဦးခင်အောင်ဆွေက ပြောသည်။

တပ်မတော်သည် ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ပေး၍ ချစ်မြတ်နိုးသောကြောင့် ထောက်ခံပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ ဦးရွှေကျင်က ပြောသည်။

ယင်းထောက်ခံပွဲသို့ အမျိုးသားရေးသံဃာအပါး ၃၀ဝ၊ လားရှိုး၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ သိန်းနီ၊ ကွတ်ခိုင်၊ ဟိုပန်၊ ကွမ်းလုံ၊ တန့်ယန်း၊ မိုင်းရယ်မြို့များမှ တိုင်းရင်းသားပြည်သူကလေးငယ်များ တက်ရောက်ခဲ့ကြသည်။ လားရှိုးမြို့တော်ခန်းမရှေ့မှ စုဝေးကာ နိုင်ငံတော်အလံများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုံ၊ တပ်မတော် ကြည်း၊ ရေ၊ လေ အလံများကိုင်ဆောင်ကာထောက်ခံခဲ့ကြသည်။
ထို့နောက် လားရှိုးမြို့မိုးလုံလေလုံအားကစားရုံကြီးတွင် ဟောပြောပွဲပြုလုပ်ခဲ့သည်။

အဆိုပါထောက်ခံပွဲတွင် ပြည်ထောင်စုကြီး ထာဝရမပြိုကွဲရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေးသုံးပါးအား ကာကွယ် စောင့်ရှောက်နေသည့် တပ်မတော်အား အစဉ်ဝန်းရံရေး၊ ပြည်ထောင်စုပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊ တပ်မတော်ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ စသည့် ကြွေးကြော်သံများနှင့်အတူထောက်ခံပွဲပြု့လုပ်ခဲ့ပြီး ၎င်းထောက်ခံပွဲမှ ထုတ်ပြန်ကြေညာ ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး