ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က)နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် မလေးရှားနှင့် မြန်မာအသင်းတို့ပွဲစဉ်အပြီး၌ မြန်မာပရိသတ်အချို့အား မလေးရှားပရိသတ်အယောက် ၃ဝခန့်က တိုက်ခိုက်ခဲ့ကြောင်း မလေးရှားနိုင်ငံရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့့ သတင်းထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်ခဲ့
ဘူကစ်ဂျာလီကွင်း၌ ကျင်းပခဲ့သည့် မလေးရှားနှင့် မြန်မာအသင်းပွဲစဉ်အား သွားရောက်အားပေးအပြီး ပြန်လာသည့် မြန်မာလုပ်သား အယောက် ၂ဝခန့်သည် ကွင်းအပြင်၌ ကားစောင့်ဆိုင်းနေစဉ် မလေးရှားပရိသတ်အယောက် ၃ဝခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုတွင် မြန်မာလုပ်သား ငါးဦးခန့် ဒဏ်ရာအနာတရ ရရှိခဲ့ကြပြီး ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။
သတိပေးပြောဆို
ဒဏ်ရာရရှိသူများကို နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့က ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြပြီး ဒဏ်ရာပြင်းထန်ခြင်းမရှိသဖြင့် ဆေးရုံသို့မပို့ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ရဲစခန်းသို့ သွားရောက်တိုင်းကြားခဲ့သော်လည်း အရေးယူခဲ့ခြင်းမရှိခဲ့ပေ။ မလေးရှားနှင့် မြန်မာအသင်းပွဲစဉ်မတိုင်မီတွင် ယင်းပွဲသို့သွားရောက်အားပေးမည့် မြန်မာပရိသတ်များကို မလေးရှားရောက် မြန်မာလုပ်သားများအား ကူညီပေးနေသော အဖွဲ့အစည်းများက သတိပေးပြောဆိုမှုများ ရှိခဲ့သည်။
ပြီးခဲ့သည် ၂၀၁၇ ဆီးဂိမ်းတွင်လည်း အိမ်ရှင်မလေးရှားနှင့် မြန်မာအသင်းပွဲသို့ သွား ရောက်အားပေးခဲ့သော မြန်မာပရိသတ်များ တိုက်ခိုက်ခံရဖူးပြီး ဒဏ်ရာအနာတရများ ရရှိခဲ့ကြသည်။















