ပင်နယ်တီဂိုးက ပြိုင်ပွဲ၏အဆုံးအဖြတ်ဖြစ်ခဲ့ဟု မြန်မာအသင်းနည်းပြ ဖွင့်ဟ

ပင်နယ်တီဂိုးက ပြိုင်ပွဲ၏အဆုံးအဖြတ်ဖြစ်ခဲ့ဟု မြန်မာအသင်းနည်းပြ ဖွင့်ဟ

မလေးရှားနှင့်ပွဲတွင် ပေးခဲ့ရသည့် ပင်နယ်တီဂိုးက ပြိုင်ပွဲ၏အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ချေပဂိုးတစ်ဂိုးသာပြန်ရခဲ့ပါက ပွဲအဖြေအပြောင်းအလဲဖြစ်လာနိုင်ကြောင်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြ အန်တွမ်နီဟေးက ထုတ်ဖော်ပြောဆိုခဲ့သည်။

အသုံးမချနိုင်

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ရက် ညရနာရီက ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲစဉ်အဖြစ် မလေးရှားနှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ သုံးဂိုး ဂိုးမရှိဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်းမှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပြီး ချေပဂိုးများရရန် အခွင့်အရေးများရခဲ့သော်လည်း အသုံးအချနိုင်ခဲ့ပေ။ 

အစွမ်းကုန်ကြိုးစား

" အစပိုင်းမှာ ကျွန်တော်တို့အသင်း ကစားပုံသိပ်မဆိုးပါဘူး။ ပထမပိုင်း၁၅ မိနစ်အတွင်း ဂိုးမပေးရအောင်ကြိုးစားခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ ဂိုးရဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်မှာလည်း အခွင့်ရေးကောင်း ရခဲ့ပါသေးတယ်။ ဒုတိယဂိုးဖြစ်တဲ့ ပင်နယ်တီဂိုးကတော့ ပွဲရဲ့အဆုံးအဖြတ်ဂိုးလိုဖြစ်သွားခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဂိုးတွေပြန်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ရတာပါ။ တစ်ဂိုးလောက်ဖြစ်ဖြစ် ပြန်ရတာနဲ့ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြဘူး" ဟု အန်တွမ်နီဟေးက ပြောဆိုခဲ့သည်။

ဂုဏ်ပြု

ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်းမှာ ပြင်ဆင်ချိန်လေးရက်သာရခဲ့သော်လည်း မလေးရှားအသင်းမှာ ပြင်ဆင်ချိန် ၈ရက် ရခဲ့သည်။ " ကစားသမားတွေလည်း ပိုပြီးပင်ပန်းခဲ့ရပါတယ်။ ၁၂ ရက်အတွင်းကစားခဲ့ရတဲ့ အခြေအနေတွေက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ ကစားသမားအချို့ဆိုရင် ပွဲချိန်အပြည့် တောက်လျှောက်ကစားခဲ့ရတာပါ။ နိုင်ပွဲအတွက် မလေးရှားအသင်းကို ဂုဏ်ပြုပါတယ်"  ဟု အန်တွမ်နီဟေးက ဖွင့်ဟခဲ့သည်။

မလေးရှားအသင်းမှာ ယခုနှစ်ပြိုင်ပွဲမတိုင်ခင် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက် မြန်မာအသင်းကို တစ်ကြိမ်မှအနိုင်ရခဲဖူးခြင်းမရှိဘဲ အမြင့်ဆုံးအဖြစ် သရေရလဒ်သာ ရယူထားနိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး