ဒေးဒရဲမြို့တွင် အမျိုးသမီးတစ်ဦးကို အုတ်ခဲ့ဖြင့်ထုကာ သားမယားပြုကျင့်သတ်ဖြတ်ခဲ့ပြီးနောက် ကျောက်စည် အတွင်းစွန့်ပစ်ခဲ့သူကို သက်ဆိုင်ရာက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ထုတ်ဖမ်းဆီးခဲ့သည်။
နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သံဇင်းအရှေ့ကျေးရွာရှိ စာသင်ကျောင်းတစ်ခု၏ အဝီစိတွင်း ကျောက်စည်အတွင်းအမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ ဒေးဒရဲမြို့မရဲစခန်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ ကျောက်စည်အတွင်း အင်္ကျီနက်ပြာရောင်နှင့် အသက်(၂၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းစိုက်သေဆုံးနေသည်ကိုတွေ့ရသဖြင့် အလောင်းကို ဒေးဒရဲပြည်သူဆေးရုံကြီးသို့ ပို့အပ်ကာ စစ်ဆေးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေးဒရဲမြို့မရဲစခန်းက(ပ) ၃၅၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
စုံစမ်းချက်များအရ သေဆုံးသူမှာ တော်ကြပ်ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်ညပိုင်းတွင် ဒေးဒရဲမြို့(၂) ရပ်ကွက်နေ တိပွား(ခ) ဇော်သန်းထွန်း နှင့် ကျိုက်ဒေးယျုံဘုရားပွဲလိုက်ပါသွားသူဖြစ်ကြောင်း သိခဲ့ရသည်။
မိန်းကလေးအသတ်ခံရမှုကို သက်ဆိုင်ရာကမသိရှိခင်ကတည်းက တိပွား(ခ)ဇော်သန်းထွန်းဆိုသူကို ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိရာမှ နိုဝင်ဘာ ၂၂ ရက်ညပိုင်းကတည်းက ဒေးဒရဲမြို့မရဲစခန်း၌ (ပ)၃၅၃/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၅၄ ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးအမှုဖွင့်ထားပြီးဖြစ်သည်။ထို့ကြောင့် ၄င်းကို မိန်းကလေးအသတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့သည်။
တိပွား(ခ)ဇော်သန်းထွန်းက နိုဝင်ဘာ ၂၁ ရက်ညပိုင်းတွင် ယမန်နေ့က သိကျွမ်းခဲ့သည့် တော်ကြပ်ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးနှင့်တွေ့ဆုံခဲ့ပြီး ပွဲဈေးသို့မုန့်စားလိုက်ရန်သွားခေါ်ခဲ့သည်။
၎င်းက မုန့်မကျွေးပါနဲ့အရုပ်တစ်ရုပ်လောက် လက်ဆောင်ဝယ်ပေးပါဟု ပြောဆိုလိုက်ပါခဲ့ပြီး ပွဲဈေးအတွင်းမှ ဝက်ဝံမွေးပွရုပ်ကို ကျပ် ၃၈၀ဝ ဖြင့် ဝယ်ပေးခဲ့သည်။
၄င်းတို့ ခေါက်ဆွဲကြော်တစ်ယောက်တစ်ပွဲစီစားကာ လမ်းလျှောက်ထွက်ခဲ့ကြသည်။ အခင်းဖြစ်စာသင်ကျောင်းအနီးအရောက် ၄င်းကချစ်ကြိုက်ကြောင်းပြောဆိုသည်ကို အမျိုးသမီးက စဉ်းစားပါရစေနောက်မှအဖြေပေးမည်ဟု ပြောဆိုခဲ့သည်။
ထို့နောက်စာသင်ကျောင်းဘက်သို့ စကားပြောရန်ခေါ်ခဲ့ပြီးနောက် သားမယားပြုကျင့်ရန်ကြံစဉ် အမျိုးသမီးက မိုက်ရိုင်းလှချည်လားဟု ပြောဆိုကာ ပါးရိုက်ခဲ့သည်။
ထိုစဉ် ၎င်းက ဆောင့်တွန်းခဲ့ရာ ကျောက်တိုင်နှင့်ခေါင်းနဲ့တိုက်မိသွားခဲ့ကြောင်း၊ ဒေါသဖြစ်နေချိန်ဖြစ်သဖြင့် အမျိုးသမီး၏ ဦးခေါင်းကို အုတ်ခဲ့ဖြင့် ၅/၆ ချက်ခန့်ထုခဲ့ပြီး တွဲထူကာ လမ်းလျှောက်တွဲခေါ်ခဲ့ကြောင်း ကျောက်စည်ပိုင်းအနီးအရောက် အမျိုးသမီးက သတိဝင်ကာ ပတ်ဝန်းကျင်သို့ အကူညီတောင်းသဖြင့် ကျောက်စည်ပိုင်းဖြင့် တိုက်ခဲ့သည်။
သတိထပ်မေ့ချိန်တွင် သားမယားအဖြစ်ပြုကျင့်ခဲ့ပြီးနောက် ခေါ်ကြည့်ရာ သေနေသည်ထင်၍ အမျိုးသမီး၏ နားတွင်ဝတ်ဆင်ထားသည့် ရွှေနားကပ်ကို ဖြုတ်ယူကာ ကျောက်စည်အတွင်းသို့ ထည့်ခဲ့ပြီး အိမ်သို့ပြန်ကာ ရေချိုးအဝတ်အစားလဲခဲ့သည်။
အမျိုးသမီးပျောက်ဆုံးနေသဖြင့်လာမေးသူများကို ခေါက်ဆွဲကြော်စားပြီးနောက် သူ၏ရည်းစားဆိုသူတစ်ဦးနှင့်ထွက်သွားကြောင်း လမ်းလွှဲပြောဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူ တိပွား(ခ)ဇော်သန်းထွန်းကို ဆက်လက် အရေးယူထားသည်။

















