ကျောက်မဲမြို့တွင် စိတ်ကြွဆေးပြား ခုနစ်သောင်းကျော်နှင့်ကျည်ဆံများဖမ်းမိ

ကျောက်မဲမြို့တွင် စိတ်ကြွဆေးပြား ခုနစ်သောင်းကျော်နှင့်ကျည်ဆံများဖမ်းမိ

ကျောက်မဲမြို့တွင် စိတ်ကြွဆေးပြားဖြန့်ဖြူးရောင်းချသည့်နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၇၀ဝ၀ နှင့်ကျည်ဆံများကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိခဲ့မှု နိုဝင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၉ နာရီခန့်တွင် ကျောက်မဲမြို့ တောင်နောက်ရပ် ဦးလှိုင်မောင်း၏ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ ကျောက်မဲမြို့ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများပါဝင်သည့် အဖွဲ့က ည ၉ နာရီခွဲခန့်တွင် ဦးလှိုင်မောင်း၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့သည်။ 
အဆိုပါ နေအိမ်ကြမ်းခင်းအောက်ရှိ သစ်သားအံဝှက်များအတွင်းမှ88 နှင့် 1 စာတမ်းပါနီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၅၀ဝ ပြား၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၀ဝ ပြား စုစုပေါင်းဆေးပြား ၇၇၀ဝ၀ ပြား(ကျပ် ၁၅၄၀ဝ၀ဝ၀ဝ ဖိုးခန့်)နှင့် ၉ မမ ပစ္စတိုကျည် ၂၁ တောင့်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စုံစမ်းချက်များအရ ယင်းမူးယစ်ဆေးပြားများကို တန့်ယန်းမြို့နယ် နောင်ဖာကျေးရွာ နေ ထွန်းအောင် (၃၄)နှစ် အသားဖြူ ခန္ဓာကိုယ်ပိန် အရပ် ၅ပေ ၅လက်မခန့် တရုတ်လူမျိုးက 88 နှင့် 1 စာတမ်းပါ စိတ်ကြွဆေးပြား ၆၀ဝ၀ ပြားပါ တစ်ထုပ်လျှင် ကျပ်တစ်သိန်းဖြင့် ကျောက်မဲမြို့အတွင်း ပြန်လည်ရောင်းချရန် အတွက် လွန်ခဲ့သော နှစ်ပတ်ခန့်က လာရောက်ပို့ဆောင်ထားခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
ဖမ်းဆီးရမိသည့် မူးယစ်ဆေးပြား၊ခဲယမ်းများနှင့် ပတ်သက်၍ ဦးလှိုင်မောင်း (၅၇ နှစ်)ကို ဗိုလ်မှူးသန့်ထူးအောင် က ကျောက်မဲမြို့မရဲစခန်းသို့ အပ်နှံခဲ့ပြီး ရဲစခန်းက နိုဝင်ဘာ ၂၆ ရက် နံနက် ၄ နာရီခွဲတွင် မယ(ပ) ၃၄/၁၈၊ ပုဒ်မ ၁၉(က)အရ အမှုဖွင့်လှစ်ထားပြီး သေနတ်ကျည်ဆံများနှင့်ပတ်သက်၍ သီးခြားအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။