ခရိုင်းမီးယားကျွန်းဆွယ်အနီး ရုရှားရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ကြောင်းစွပ်စွဲကာ ယူကရိန်း တိုက်ရေယာဉ်သုံးစီးကို ရုရှားစစ်ဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့် ဒေါသထွက်နေသည့်ယူကရိန်းပြည်သူများက ယူကရိန်းရှိ ရုရှားသံရုံးရှေ့တွင် နိုဝင်ဘာ ၂၅ ရက်က ညလုံးပေါက်ဆန္ဒပြခဲ့ရာ အကြမ်းဖက်မှုအချို့ ဖြစ်ပွားခဲ့သည်။
ပင်လယ်နက်နှင့် အဇော့ဗ်ပင်လယ်ကိုဆက်သွယ်သည့် ခက်ချ်ရေလက်ကြားအတွင်း နှစ်နိုင်ငံအတွက် မဟာဗျူဟာမြောက်ရေလမ်းကြောင်း၌ ယူကရိန်းတိုက်ရေယာဉ် နှစ်စီးနှင့် ဆွဲသင်္ဘောတစ်စင်းသွားလာနေစဉ် တိုက်ခိုုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ သင်္ဘောသားခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး ရေယာဉ်များလည်းပျက်စီးကာ ရုရှားရေတပ်က သိမ်းပိုက်ထားကြောင်း ယူကရိန်းရေတပ်က ထုတ်ပြန်ခဲ့သည်။
ရုရှားသည် ယူကရိန်းထံမှ ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်တွင် ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နိုင်ငံတကာက ယင်းသိမ်းပိုက်မှုကို အသိအမှတ်မပြုခဲ့ချေ။
သို့သော် ရုရှားက ရုရှားပြည်မကြီးနှင့် ခရိုင်းမီးယားကို ခက်ချ်ရေလက်ကြားကို ဖြတ်သန်းဆက်သွယ်သည့်တံတားတစ်စင်းဆောက်ကာ မေလ၌ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ယူကရိန်းပါလီမန်သည် မာရှယ်လောထုတ်ပြန်သင့်မသင့်ဆွေးနွေးတော့မည်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၌လည်း ယင်းအရေး ဆွေးနွေးတော့မည်ဖြစ်သည်။
အဇော့ဗ်ပင်လယ်နှင့် ခက်ချ်ရေလက်ကြားသည် နှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်ကြောင်း ၂၀ဝ၃ ခုနှစ်၌သဘောတူခဲ့သည်။
ဒဏ်ရာရယူကရိန်းစစ်သည်များကို ဆေးဝါးကုသပေးထားကြောင်း၊ ရေလက်ကြားကိုပိတ်လိုက်ပြီဖြစ်ကြောင်း ရုရှားတို့က ကြေညာခဲ့ပြီး ဗွီဒီယိုပုံရိပ်များဖြင့် တံတားအောက်တွင် သင်္ဘောတစ်စီးပိတ်ဆို့ထားပုံနှင့် ဂျက်တိုက်လေယာဉ်များ ပျံဝဲနေပုံများ ပြသခဲ့သည်။
ယူကရိန်း၏အချုပ်အချာနှင့် ပိ်ုင်နက်တည်တံ့မှုအတွက် အပြည့်အဝထောက်ခံကြောင်း၊ ရုရှားသည် အဇော့ဗ်ပင်လယ်မှ ယူကရိန်းဆိပ်ကမ်းများသို့ အဆီးအတားမဲ့ဝင်ရောက်မှုမပြုစေလိုကြောင်း နေတိုးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

















