ရေကြောင်းတွင် မာလိန်မှူးများဟု တင်စားကြသည့် လမ်းပြဝေလငါး ၁၄၅ ကောင်တို့သည် နယူးဇီလန်မှ လူသူမရောက်သည့်ကမ်းခြေတစ်ခုတွင် သောင်တင်သေဆုံးနေခဲ့သည်။
အငယ်စား သေမင်းတမန်ဝေလငါး ရှစ်ကောင်ကိုမူ အသက်ရှင်လျက် ကယ်တင်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းသူများက မျှော်လင့်နေသည်။
စတီးဝပ်ကျွန်းတွင် လမ်းပြဝေလငါးများသေဆုံးနေသည်ကို နိုဝင်ဘာ ၂၄ ရက်အနှောင်းပိုင်းတွင် တောင်တက်သမားတစ်ဦးက စတင်တွေ့ရှိခဲ့သည်။
ပါကီအူရာဟုလည်းခေါ်သည့် ယင်းကျွန်းတွင် လူ ၃၇၅ ဦးသာ နေထိုင်ကြသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းသူများရောက်ရှိိသွားချိန်တွင် သောင်တင်နေသည့် ငါး ၇၀ ကျော်မှာသေဆုံးနေပြီးဖြစ်ကာ ကျန်ငါးများမှာလည်း သဲတွင်နစ်မြုပ်ကာ အခြေအနေမကောင်းတော့ဘဲ နောက်ပိုင်းတွင်သေဆုံးခဲ့သည်။
အခြားကမ်းခြေတစ်ခုတွင်လည်း နိုဝင်ဘာ ၂၅ ရက်တွင် အငယ်စား သေမင်းတမန်ဝေလငါး ၁၀ ကောင် သောင်တင်နေသည်ကို တွေ့ခဲ့ရပြီးနှစ်ကောင်သေဆုံးကာ ကျန်ရှစ်ကောင်ကိုကယ်ဆယ်နိုင်ဖွယ်ရှိသည်။
နွေဦးနှင့်နွေရာသီတွင် နယူးဇီလန်၌ ဝေလငါးများသောင်တင်ခြင်းဖြစ်ပွားလေ့ရှိပြီး သားစားသတ္တဝါများရန်မှ ထွက်ပြေးမှု၊ နာမကျန်းမှုနှင့် ရေလမ်းမှားယွင်းမှုတို့ကြောင့် ဖြစ်ဖွယ်ရှိသည်။

















