အမေရိကန်ပြည်ထောင်စု နယ်စပ်စည်းရိုးကို အကြမ်းဖက် ကျော်တက်ဝင်ရန် ကြိုးပမ်းခဲ့သည့် ဗဟိုအမေရိက ခိုလှုံသူ ငါးရာခန့်ကို ချက်ချင်းပြည်နှင်ဒဏ်ပေးသွားမည်ဟု မက္ကဆီကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်သည်။
ထိုလူများသည် နိုဝင်ဘာ ၂၅ ရက်က နယ်စပ်စည်းရိုးကို တရားမဝင် အကြမ်းဖက် ကျော်တက်ဝင်ရန် ကြိုးပမ်းမှုကြောင့် ထိန်းသိမ်းခံခဲ့ရသည်။
ဗီဒီယို မှတ်တမ်းများအရ အမျိုးသမီးများနှင့် ကလေးများပါ ပါဝင်သော လူစုကြီးသည် မက္ကဆီကိုဘက်ခြမ်း တီဟွာနာမြို့အနီး အမေရိကန် နယ်စပ်စည်းရိုးကို အလုံးအရင်း ချဉ်းကပ်မှုကြောင့် အမေရိကန်နယ်ခြားစောင့်အဖွဲ့များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ကြောင်း တွေ့ရသည်။
လူငါးရာခန့်သည် နယ်စပ်စည်းရိုးကို အင်အားသုံးကာ ဖြတ်ကျော်ဝင်ရန် ကြိုးပမ်းခဲ့ကြောင်း မက္ကဆီကို ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗဟိုအမေရိက ခိုလှုံသူများ၏ လုပ်ရပ်သည် တရားဝင် ခိုလှုံခွင့် တောင်းခံနိုင်သော မူဘောင်ကို ကျော်လွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်နှင့်နယ်စပ် မက္ကဆီကိုမြို့ တီဟွာနာတွင် ယခုလဆန်းပိုင်းက စတင်ကာ ခိုလှုံသူများ စုဝေးရောက်ရှိလာသဖြင့် တင်းမာမှုများ မြင့်တက်လျက်ရှိပြီး မြို့ခံများထဲ၌လည်း ခိုလှုံသူများကို ထောက်ခံသူနှင့် ဆန့်ကျင်သူ နှစ်စုကွဲလျက်ရှိသည်။
ခိုလှုံသူများသည် ဟွန်ဒူးရက်စ်၊ ဂွာတီမာလာ၊ အယ်ဆာဗေဒိုးစသည့် ဗဟိုအမေရိကနိုင်ငံများမှ မိုင် ၂၅၀ဝ ခန့် ခရီးဆက်ကာ အမေရိကန်နယ်စပ်ရှိ တီဟွာနာမြို့အရောက် ချီတက်ခဲ့ကြခြင်းဖြစ်သည်။
မိမိတို့နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု၊ အကြမ်းဖက်မှု၊ မမျှတသော တရားရေးစနစ်များကြောင့် ထွက်ပြေးလာကာ အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံခြင်းဖြစ်ကြောင်း ဆိုထားကြသည်။

















