ရိုးရာနပန်းအတတ် ယူနက်စကို အသိအမှတ်ပြုရေး ကိုရီးယားနှစ်နိုင်ငံ ကြိုးပမ်းအဆိုပြုလွှာတင်ခဲ့ကြ

ရိုးရာနပန်းအတတ် ယူနက်စကို အသိအမှတ်ပြုရေး ကိုရီးယားနှစ်နိုင်ငံ ကြိုးပမ်းအဆိုပြုလွှာတင်ခဲ့ကြ

ကိုရီးယား ရိုးရာနပန်းအတတ်ကို ယူနက်စကို အသိအမှတ်ပြု အမွေအနှစ်တစ်ခုဖြစ်စေရေးအတွက် ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းကာ အဆိုပြုလွှာတင်လိုက်ကြောင်း သိရသည်။ 

ကိုရီးယား ရိုးရာနပန်းအတတ်ကို "လူသားမျိုးနွယ် အတတ်ပညာ အမွေအနှစ်စာရင်း" ထည့်သွင်းသင့် မသင့်ကို ယူနက်စကို တာဝန်ရှိသူများက စစ်ဆေးအကဲဖြတ်သွားရန်ရှိကြောင်း တောင်ကိုရီးယား ယဉ်ကျေးမှုဌာန တာဝန်ရှိသူများက ပြောသည်။ 
တောင် မြောက် ကိုရီးယားနှစ်နိုင်ငံသည် ရိုးရာနပန်းအတတ်ကို ယူနက်စကို အသိအမှတ်ပြုခံရရေး ယခင်က သီးခြားစီ ကြိုးပမ်းခဲ့သော်လည်း ယခုနှစ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ခဲ့၍ ရိုးရာနပန်း ယူနက်စကို အသိအမှတ်ပြုရေး ပူးတွဲကာ ကြိုးပမ်းလိုက်ခြင်းလည်း ဖြစ်သည်။ 
    ယခုနှစ် ဧပြီတွင် နယ်စပ်၌ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် ရိုးရာနပန်းကိစ္စရပ်ကို တောင်ကိုရီးယားဘက်က တင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။ ၁၉၄၅ ခုနှစ်ရှေ့ပိုင်းက ကိုရီးယားသည် တစ်နိုင်ငံတည်းသာ စုပေါင်းတည်ရှိခဲ့ခြင်းဖြစ်သည့်တိုင် ထို့နောက်ပိ်ုင်း နှစ်နိုင်ငံ ကွဲသွားမှုကြောင့် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍများစွာတွင်ပါ ကွာဟချက်များ ရှိလာခဲ့သည်။ 
    ရိုးရာနပန်းအတတ်ကိုလည်း မြောက်ကိုရီးယားက "ssirum" ဟု အင်္ဂလိပ်ဘာသာဖြင့်ပေါင်းပြီး တောင်ကိုရီးယားက "ssireum" ဟု ပေါင်းသဖြင့် ယူနက်စကို အသိအမှတ်ပြုခံယူရေး လျှောက်လွှာတင်ရာတွင် နာမည်နှစ်မျိုးလုံးဖြင့် တင်ခဲ့ကြောင်း တောင်ကိုရီးယား ယဉ်ကျေးမှုအမွေအနှစ်များဌာနက ပြောသည်။ 
    မြောက်ကိုရီးယားသည် ကိုရီးယားကျေးလက်သီချင်း "Airrang" နှင့် ကင်မ်ချီ ပြုလုပ်နည်းတို့အတွက် ယူနက်စကို အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးဖြစ်သလို၊ တောင်ကိုရီးယားသည် ယဉ်ကျေးမှုအမွေအနှစ် ၁၉ မျိုးထိကို ယူနက်စကို အသိအမှတ်ပြုခံရပြီးဖြစ်သည်။