ဆွစ်ဇာလန်နိုင်ငံနှင့် ပတ်သက်လျှင် နိုင်ငံတကာဥပဒေများ၊ သဘောတူစာချုပ်များထက် ဆွစ်ဇာလန်ဥပဒေက ကျော်လွန်လွှမ်းမိုးသင့် မသင့်နှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၅ ရက်က ပြည်သူ့ဆန္ဒခံယူခဲ့ရာ မလွှမ်းမိုးသင့်ဘက်က မဲသာခဲ့သည်။
ကနဦးမဲရလဒ်များအရ မလွှမ်းမိုးသင့်ဘက်က မဲ ၆၇ ရာခိုင်နှုန်းထိရှိကာ၊ လွှမ်းမိုးသင့်သည့်ဘက်က ၃၃ ရာခိုင်နှုန်းရှိခဲ့သည်။
မိမိတို့နိုင်ငံနှင့် ပတ်သက်လျှင် နိုင်ငံတကာဥပဒေများအထက်တွင် ဆွစ်ဇာလန် ဥပဒေက လွှမ်းမိုးတည်ရှိသင့်သည့်ဘက်ကသာ မဲအသာစီး ရခဲ့ပါက ဆွစ်ဇာလန်နှင့် နိုင်ငံတကာဆက်ဆံရေး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည်ဖြစ်သည်။
ဆွစ်ဇာလန်ဥပဒေသာ ပဓာနဟူသော မူဝါဒကို တင်သွင်းမဲခွဲဖြစ်စေရန် လက်ယာယိမ်း ဆွစ်ပြည်သူ့ပါတီ (အက်စ်ဗွီပီ) က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုအဆိုပြုချက်ကို တင်သွင်းမဲခွဲခြင်းအား ဆွစ်ဇာလန် နိုင်ငံရေး အသိုင်းအဝိုင်း အများစုကလည်း ဆန့်ကျင်ခဲ့ကြသည်။
ဆွစ်ဇာလန်ဥပဒေသာ ပဓာနအဆိုကို ပြည်သူ့ဆန္ဒခံယူပွဲတွင် ထောက်ခံသူနည်းစေရန် ဆွစ်ဇာလန် နိုင်ငံရေးပါတီကြီးများ၊ စီးပွားလုပ်ငန်းရှင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကပါ ပေါင်းစုကာ ဆန့်ကျင်ကမ်ပိန်းများ ဆင်နွှဲခဲ့သည်။
အက်စ်ဗွီပီ ပါတီကမူ ဆွစ်ဇာလန်ဥပဒေသာ ပဓာန အဆိုကို အတည်ပြုနိုင်ပါက ဆွစ်ဇာလန် အချုပ်အခြာအာဏာနှင့် ရပ်တည်မှုသည် ကမ္ဘာ့အလယ်တွင် ယခင်ထက် ပိုဝင့်ထယ်လာမည်ဟု ထောက်ပြထားသည်။
မဲဆန္ဒရှင် ၅၀ ရာခိုင်နှုန်းအထက်ကသာ ထောက်ခံခဲ့ကြမည်ဆိုပါက ဆွစ်ဇာလန်သည် နိုင်ငံတကာသဘောတူစာချုပ် အချက်အလက် ထောင်ဂဏန်းကို ပြန်ညှိနှိုင်းရမည်ဖြစ်သလို၊ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး စသည့်ကဏ္ဍများသာမက ကုန်သွယ်ရေးကဏ္ဍများတွင်လည်း အချက်အလက်ပေါင်းများစွာကို အသေးစိတ် ပြန်လည်ညှိနှိုင်း ပြင်ဆင်ရဖွယ်ရှိသည်။

















