ပြီးခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်း သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးစုစုပေါင်း၏ ထက်ဝက်ကျော်သည် လက်တွဲဖော် အမျိုးသားကသော်လည်းကောင်း၊ မိသားစုဝင် တစ်ဦးဦးကသော်လည်းကောင်း သတ်ဖြတ်ခြင်းကြောင့် သေဆုံးရကြောင်း တွေ့ရရာ နေအိမ်သည် အမျိုးသမီးများအတွက် အန္တရာယ်အကြီးဆုံးနေရာဟု ဆိုနိုင်ကြောင်းဖြင့် ကုလသမဂ္ဂ စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
နိုဝင်ဘာ ၂၅ ရက်တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု တိုက်ဖျက်ရေးနေ့တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများဆိုင်ရာရုံး (UNODC) က စစ်တမ်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အမျိုးသမီး ၈၇၀ဝ၀ ဦး သတ်ဖြတ်ခံခဲ့ရသည့်အနက် ၅၈ ရာခိုင်နှုန်းဖြစ်သော ဦးရေ ငါးသောင်းခန့်သည် လက်တွဲဖော် သို့မဟုတ် မိသားစုဝင် တစ်ဦးဦးကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း တွေ့ရသည်။
ငါးသောင်းခန့်အနက် သုံးသောင်းဝန်းကျင်သည် လက်တွဲဖော်က သတ်ဖြတ်မှုကြောင့် သေဆုံးရကြောင်းလည်း သိရသည်။
"တစ်နာရီတိုင်းတွင် အမျိုးသမီး ခြောက်ဦးဝန်းကျင်သည် ရင်းနှီးသူများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးနေရကြောင်း၊ နေအိမ်သည် အမျိုးသမီးများအတွက် အန္တရာယ်အများဆုံးနေရာ ဖြစ်နေရကြောင်း" စစ်တမ်းက ထောက်ပြသည်။
ကမ္ဘာတစ်ဝန်း အမျိုးသမီး တစ်သိန်းတွင် ၁ ဒသမ ၃ ဦးသည် လူသတ်မှုကြောင့် သေဆုံးနေရကြောင်း UNODC က ဆိုသည်။
အာဖရိကနှင့် လက်တင်အမေရိကသည် လက်တွဲဖော်ကြောင့်သော်လည်းကောင်း၊ မိသားစုဝင်တစ်ဦးဦးကြောင့်သော်လည်းကောင်း အမျိုးသမီးများ သေဆုံးရမှု အများဆုံးဖြစ်ကြောင်းလည်း တွေ့ရသည်။
အာဖရိကတွင် အမျိုးသမီး တစ်သိန်းတွင် ၃ ဒသမ ၁ ဦး နေအိမ်တွင် သတ်ဖြတ်ခံနေရသလို၊ အမေရိကတွင် ၁ ဒသမ ၆ ဦး၊ သမုဒ္ဒရာပိုင်းဒေသတွင် ၁ ဒသမ ၃ ဦးနှင့် အာရှတွင် ဝ ဒသမ ၉ ဦးဖြစ်ကာ ဥရောပတွင် ဝ ဒသမ ၇ ဦး ဖြစ်သည်။

















