ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများက ယုံကြည်စွာအပ်နှံထားသည့် လုပ်ခလစာ ကျပ်သိန်း ၆၇၀ ကျော်ကို လိမ်လည်တိမ်းရှောင်ခဲ့သည်ဆိုသူ လင်မယား နှစ်ဦးကို နိုဝင်ဘာ ၂၅ ရက်တွင် မြဝတီမြို့ မရဲစခန်းက ဖမ်းဆီး အရေးယူခဲ့သည်။
နိုဝင်ဘာ ၅ ရက်က ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီရချားမြို့နယ်၊ ဘော့ဝင်းကျေးရွာရှိ ကားတာယာစက်ရုံ မြန်မာအလုပ်သမားတန်းလျား၌ နေထိုင်ပြီး ထိုင်းစကားပြန်အဖြစ်လုပ်ကိုင်သူ ထွန်းနိုင်ဝင်း(ခ) အရာ(ခ)ခေါလေးနှင့် ၄င်း၏ ဇနီး မအေးစုသွယ်တို့ နှစ်ဦးသည် မြန်မာအလုပ်သမား ၁၀၂ ဦးတို့က မိသားစုထံလွှဲပေးရန် အပ်နှံထားသည့် ထိုင်းဘက်ငွေ ၁၅၄၅၀၉၀( မြန်မာငွေကာလတန်ဖိုး ကျပ် ၆၇၂၃၀ဝ၀ဝ ) ကိုယူဆောင်ကာ တိမ်းရှောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားကိုယ်စားလှယ် ကိုအောင်မျိုးလှိုင်က အရေးယူပေးရန် နိုဝင်ဘာ ၁၄ ရက်တွင် ထိုင်းနိုင်ငံဘော့ဝင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ မြဝတီမြို့ခံများထံသို့လည်း အဆိုဖြစ်စဉ်နှင့်ပတ်သက်၍ အကူညီတောင်းခံကာ စုံစမ်းခဲ့ သည်။
ငွေများလိမ်လည်ယူဆောင်သွားသူ လင်မယားနှစ်ဦးမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဂွေးကုန်း ကျေးရွာတွင်ရောက်ရှိနေကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့က ထွန်းနိုင်ဝင်း(ခ) အရာ(ခ)ခေါလေး (၂၀နှစ်) နှင့် မအေးစုသွယ်(၃၅နှစ်) တို့နှစ်ဦးကို နိုဝင်ဘာ ၂၃ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။
သက်ဆိုင်ရာက ၄င်းတို့ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးချိန်တွင် ကျပ် ၁၁၂၉၄၅၀ ၊ Kawasaki အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီး ကာလတန်ဖိုး (၅၇)သိန်းကျပ်ခန့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ထိုင်းနိုင်ငံ ချွန်ပူလီခရိုင်၊စီရချားမြို့နယ်၊ ဘော့ဝင်းကျေးရွာရှိ ကားတာယာစက်ရုံအလုပ်သား ကိုရန်နိုင်လင်းက အရေးယူပေးရန် မြဝတီမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။
မြဝတီရဲစခန်းက(ပ) ၉၁၄/၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၄၀၆/၄၂၀အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















