အသစ်ဖွင့်လိုက်သည့် ကျိုက်လတ်ဓာတ်အားခွဲရုံမှ ခြောက်မြို့နယ်အတွက် လျှပ်စစ်မီးစတင်ဖြန့်ဝေ

အသစ်ဖွင့်လိုက်သည့် ကျိုက်လတ်ဓာတ်အားခွဲရုံမှ ခြောက်မြို့နယ်အတွက် လျှပ်စစ်မီးစတင်ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း အသစ် ဖွင့်လိုက်သည့် ကျိုက်လတ်ဓာတ်အားခွဲရုံမှ တစ်ဆင့် လျှပ်စစ်မီးမရရှိသေးသော မြို့နယ် ခြောက်မြို့နယ်အား နိုဝင်ဘာတတိယပတ်မှ စတင်ကာ လျှပ်စစ်မီးစတင်ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။

လျှပ်စစ်ဖြန့်ဝေ

"အရင်တုန်းက တိုင်းတစ်တိုင်းလုံးမှာ ဓာတ်အားခွဲရုံ နှစ်ရုံပဲရှိပါတယ်။ အခုတော့ သုံးရုံမြောက်အဖြစ် ကျိုက်လတ် ဓာတ်အားခွဲရုံ ကနေ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဝေပို့လွှတ် ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီကျိုက်လတ်ဓာတ် အားခွဲရုံကနေ စုစုပေါင်း မြို့နယ်ခြောက်မြို့နယ် မှာ လျှပ်စစ်ဓာတ်အားသုံးစွဲလို့ရပါပြီ။ ဘာပဲ ပြောပြော ပြည်သူတွေ စိတ်ချမ်းချမ်းသာသာသုံး နိုင်ပြီလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် မြို့နယ် တွေက အသေးစားစက်မှုလုပ်ငန်းတွေ လုပ်ကိုင် နိုင်မှာ ဖြစ်ပါတယ်" ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဦးဝင်းဌေးက ပြောဆိုသည်။

လျှပ်စစ်ဓာတ်အားကို မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဘိုကလေး၊ ဖျာပုံ စသည့် မြို့နယ်ခြောက်မြို့နယ်သို့ နိုဝင်ဘာ ၁၇ ရက်မှစတင်ကာ ဓာတ်အားပို့လွှတ်နေပြီ ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုတ် ဓာတ်အားခွဲရုံ၊ ကံကုန်ဓာတ်အားခွဲရုံနှင့် ကျိုက်လတ်ဓာတ်အားခွဲရုံ သုံးရုံရှိသော်လည်း လျှပ်စစ်မီးမရရှိသေးသည့် မြို့နယ်နှင့် ကျေးရွာ များစွာရှိနေသည်။

ဖြန့်ဖြူးပေးနေ

"အချို့ မြို့နဲ့အရမ်းနီးတဲ့ ဒေသတွေသာ မီးရရှိနေတာပါ။ ကျွန်တော်တို့ ဒေသကတော့ စိတ်ကူးတောင်မယဉ်ရဲသေးပါဘူး။ မီးရရှိဖို့ကို လည်း လွှတ်တော်ကိုယ်စားလှယ်တွေလာတိုင်း တင်ပြဖူးပါတယ်။ ရမယ်လို့လည်း ပြောဖူးခဲ့ ပါတယ်" ဟု မော်လမြိုင်ကျွန်းမြို့နယ် စခန်းကြီး ကျေးရွာမှ ဒေသခံဦးစိန်ဝင်းက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ပေါင်း ၄၄ မြို့နယ်ရှိရာ မြို့ပေါ်အားလုံးကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပြီး ကျေးရွာ စုစုပေါင်း ၁၁၉၀၈ ရွာအနက် ၆၈၂၃ ရွာကို ဓာတ်အားဖြန့်ဖြူးပေးနေပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး