G&G စတိုးဆိုင်အတွင်း လုယက်မှုကျူးလွန်ခဲ့သူ လေးဦးကို ဖမ်းမိ

G&G စတိုးဆိုင်အတွင်း လုယက်မှုကျူးလွန်ခဲ့သူ လေးဦးကို ဖမ်းမိ

အလုံမြို့နယ်အတွင်းရှိ G&G စတိုးဆိုင်အတွင်း လုယက်မှုကျူးလွန်ခဲ့သူ လေးဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၂၅ ရက်ညပိုင်းတွင်ဖမ်းဆီးအရေးယူခဲ့သည်။

နိုဝင်ဘာ ၂၄ ရက် သန်းခေါင်ကျော် နံနက် ၁ နာရီ မိနစ်၂၀ ခန့်တွင် အလုံမြို့နယ် ၊ ဌာနလမ်းထိပ်၌ G&G စတိုး ဆိုင်သို့ လူငယ်လေးဦး ဆိုင်အတွင်းသို့ဝင်လာပြီး အရောင်းဝန်ထမ်း အမျိုးသားကို ထိုးကြိတ်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့သည်။ 
ထို့နောက် လူငယ် နှစ်ဦးက အရောင်းဝန်ထမ်းအမျိုးသားအနီးစောင့်နေပြီး အင်္ကျီအိတ်အတွင်း ထည့်ထားသည့် Vivo ဖုန်းကို ဆွဲယူကာ အံဆွဲအတွင်းမှ ဈေးရောင်းရငွေ ကျပ် ၃၈၀ဝ၀ ကိုယူဆောင်ထွက်ပြေးခဲ့သောကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလုံမြို့မရဲစခန်းက (ပ) ၄၃၅/၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ 
သက်ဆိုင်ရာ၏ ဖော်ထုတ်ချက်များအရ လုယက်မှုတွင်ပါဝင်သည်ဟုယူဆရသည့် လသာမြို့နယ်၊(၇)ရပ်ကွက်နေ စိုင်းအောင်ကောင်းမြတ်(ခ)ဖိုးပြည့်စုံ(ခ)အရိုး (၁၇)နှစ်၊ တာမွေမြို့ နယ်၊ နတ်ချောင်းရပ်ကွက်နေ မင်းသန့်ကို(ခ)မင်းသန့် (၁၇)နှစ်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်နေ စိုးသီဟ(ခ) မိချောင်း (၁၇)နှစ်တို့ကို ထိန်းသိမ်းစစ်မေးခဲ့သည်။

နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ၄၅ မိနစ်ခန့်တွင် အလုံမြို့နယ်၊စောရန်နိုင်အနောက်ရပ်ကွက်၊ဆွမ်းသိမ်းပွဲစတိတ်ရှိုုးပွဲပြုလုပ်သည့်နေရာ၌ ၎င်းတို့လေးဦးကို သက်ဆိုင်ရာက ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ သုံးဦးကို စစ်မေးချက်များအရ တိုင်ကြားထားသည့် အမှုကိုကျူးလွန်ခဲ့ပြီး အဆိုပါအမှုတွင် ၄င်းတို့နှင့်အတူ လှိုင်သာယာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ဟိန်းစိုးအောင်ပါ ပါဝင်ကြောင်း သိရသဖြင့် ဟိန်းစိုးအောင်(၂၂)နှစ်ကို လှိုင်သာယာအမှတ်(၁၀) ရပ်ကွက်၊ အနော်ရထားလမ်းမပေါ်၌ ဖမ်းဆီးကာ ဆက်လက်အမှုဖွင့်စစ်ဆေးလျက် ရှိသည်။