ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)တို့ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ကျခံစေရန် ပုဇွန်တောင်မြို့နယ်တရားရုံးက နိုဝင်ဘာ ၂၆ ရက်တွင် အမိန့်ချ မှတ်ခဲ့သည်။
မိုးအောင်ရင်ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်တွင် ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ ရည်းစားဖြစ်သူ နေအိမ်၌ အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ပုစွန်တောင်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၅ အရ ထောင်ဒဏ် ၃ နှစ် နှင့် မူးယစ်ဥပဒေပုဒ်မ ၁၆ (ဂ) အရ ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြစ်ဒဏ် ၂ ရပ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်း ကြောင့် ပြစ်ဒဏ် ငါးနှစ်သာ ခံစားရမည်ဖြစ်သည်။ ထိုနည်းတူ မိုးအောင်ရင်၊ ၄င်း၏ သူငယ်ချင်း နှစ်ဦးဖြစ်သည့် ဘုန်းမြင့်အောင် (ခ) ဒေးဗစ်နှင့် လူလူသန်းဦးတို့ကို မိုးအောင်ရင် နေထိုင်သည့် တာမွေ မြို့နယ်ရှိ နေအိမ်အတွင်းမှ ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့် အတူ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေ ဝါးရောင်းဝယ်မှု ဥပဒေပုဒ်မ ၁၅/၁၉ (က) ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံး၌ နိုဝင်ဘာ ၁၆ ရက်က စွဲချက်တင်စစ်ဆေးခဲ့ပြီးနောက် အဆိုပါနေ့ရုံးချိန်းတွင် နှစ် ဖက်သက်သေများက အပြီးသတ်လျှောက်လဲချက်များ တင်သွင်းခဲ့ကြသည်။
အရှေ့ပိုင်းခရိုင်တရားရုံး၏ စစ်ဆေးမှုတွင် တရားလိုပြသက်သေ ၁၄ ဦးနှင့် မိုးအောင်ရင်၊ ဘုန်းမြင့် အောင် (ခ) ဒေးဗစ်နှင့် လူလူသန်းဦးနှင့် တရားခံပြသက်သေ ၁၆ ဦးကို စစ်ဆေးခဲ့ပြီး စစ်ဆေးမှု ၂ နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်သည့် အဆိုပါအမှုကို နိုဝင်ဘာ ၂၈ ရက်တွင် အမိန့်ချရန် ချိန်းဆိုထားကြောင်း တရားရုံးမှသိရသည်။

















