စက်ခေါင်းသစ်တည်ဆောက်ရေးစက်ရုံ (နေပြည်တော်)မီးရထားစက်ခေါင်း လေးခေါင်းတည်ဆောက်ခဲ့ပြီး ပဉ္စမမြောက်စက်ခေါင်း စမ်းသပ်စစ်ဆေး

စက်ခေါင်းသစ်တည်ဆောက်ရေးစက်ရုံ (နေပြည်တော်)မီးရထားစက်ခေါင်း လေးခေါင်းတည်ဆောက်ခဲ့ပြီး ပဉ္စမမြောက်စက်ခေါင်း စမ်းသပ်စစ်ဆေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ် တည်ဆောက်ရေးစက်ရုံ (နေပြည်တော်) မှ တပ်ဆင်ထုတ်လုပ် ရမည့် မီးရထားစက်ခေါင်း ၁၀ ခေါင်းအနက် စက်ခေါင်း အမှတ် DF 2093 မှ DF 2096 အထိ စက်ခေါင်းသစ် လေးလုံး ထွက်ရှိပြီးစီးခဲ့ပြီး  ပဉ္စမမြောက်စက်ခေါင်း
DF 2097 မှာ  စက်များတပ်ဆင်ပြီးစီး၍ စတင်စမ်းသပ်စစ်ဆေးနေကြောင်း စက်ခေါင်း သစ်တည်ဆောက်ရေးစက်ရုံ (နေပြည်တော်မှ လက်ထောက်အထွေထွေမန်နေဂျာက မြန်မာ တိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့သည်။

မြန်မာ့မီးရထားတွင် ဒီဇယ်စက်ခေါင်း အရေအတွက် ၄၀ဝ ခန့်ရှိသည့်အနက် ရာခိုင် နှုန်း ၆၀ ခန့်မှာ သက်တမ်းလွန်စက်ခေါင်း များဖြစ်ကြကြောင်း၊ သက်တမ်းလွန်စက်ခေါင်း များဖြင့် ပြေးဆွဲနေရသဖြင့် လမ်းခရီး၌ ကြန့်ကြာခြင်း၊ စက်ချွတ်ယွင်းခြင်းတို့ ကြုံတွေ့ ရသဖြင့် ခရီးသွားပြည်သူများနှင့် ကုန်စည် တင်ပို့သူများ စိတ်အနှောင့်အယှက်ဖြစ်ရသည့် အတွက် သက်တမ်းလွန်စက်ခေါင်းများနေရာ  စက်ခေါင်းအသစ်များနှင့် အစားထိုးပြေးဆွဲဖို့ လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

"မြန်မာ့မီးရထားမှာရှိတဲ့ စက်ခေါင်းစက်ရုံ (အင်းစိန်) နဲ့ ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) တို့မှာ စက်ခေါင်းသစ်တွေ ထုတ်လုပ်ဖို့ကျွမ်း ကျင်မှုရှိသော်လည်း စက်ခေါင်းတွေကို ပြုပြင် မွမ်းမံတာတွေ အဓိကလုပ်ဆောင်နေရခြင်းနဲ့ စက်ပစ္စည်းတွေ ပြည့်စုံလုံလောက်မှုမရှိတာ ကြောင့် နေပြည်တော် စက်ခေါင်းသစ်တည် ဆောက်ရေးစက်ရုံကို တည်ဆောက်ရခြင်းဖြစ် ပါတယ်" ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ပထမဆုံး

စက်ရုံမှ တပ်ဆင်ထုတ်လုပ်ရမည့် စက် ခေါင်း ၁၀ ခေါင်းအနက် ပထမဆုံးစက်ခေါင်း ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင်လည်း ကောင်း၊ ဒုတိယနှင့် တတိယစက်ခေါင်းသစ် များကို အောက်တိုဘာလတွင်လည်းကောင်း၊ စတုတ္ထစက်ခေါင်းသစ်ကို နိုဝင်ဘာလ၌ ပြီးစီး ခဲ့သည်။

ပထမစက်ခေါင်း DF 2093 နှင့် ဒုတိယ စက်ခေါင်း DF 2094 တို့ဖြင့် ခရီးသည်တွဲများ နှင့် ကုန်တွဲများကိုချိတ်ဆွဲ၍ တောင်ပေါ်မြေပြန့် ခရီးလမ်းများကို စတင်ပြေးဆွဲနေ၍ တတိယနှင့် စတုတ္ထစက်ခေါင်းများကိုလည်း ခရီးတိုရှည် စမ်းသပ်ပြီးဖြစ်သည်။ ပဉ္စမစက်ခေါင်းကို တည်ဆောက်ပြီးစီးနေ၍ စမ်းသပ်ပြီး ဆဋ္ဌမ မြောက်စက်ခေါင်းကို စတင်တပ်ဆင်နေကြောင်း၊ တပ်ဆင်ထုတ်လုပ်ထားသည့် စက်ခေါင်းသစ် မှာ မြင်းကောင်ရေ ၂၀ဝ၀ အားရှိပြီး ကွန်ပျူတာ ထိန်းချုပ်စနစ် တပ်ဆင်ထားသည်။

မြေပြန့်နှင့် တောင်ပေါ်လမ်းပိုင်းများမှာပါ လူစီးရထားနှင့် ကုန်တင်တွဲများပါ ချိတ်ဆွဲနိုင်သည်။

မြေပြန့် လူစီးတွဲ ၂၀၊ တန်ချိန် ၆၀ဝ ခန့်နှင့် ကုန်တင်တွဲ ၃၀၊ တန်ချိန် ၁၅၀ဝ ဆွဲယူနိုင်သည်။ စက်ခေါင်း ၏ဒီဇယ်အင်ဂျင်မှာ USA  ထုတ် CATERPILLAR ဖြစ်သည်။ ဂျင်နရေတာ၊ မော်တာနှင့် လျှပ်စစ်ပစ္စည်းများကို ဂျာမနီနှင့် ဂျပန်နည်း ပညာဖြင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားပြီး စက်ခေါင်းကိုယ်ထည်နှင့် ဖရိန်ပိုင်းဆိုင်ရာ သံကိုယ်ထည်တို့ကို သံထည်ကုန်ကြမ်းမှစ၍ နေပြည်တော်စက်ရုံမှ အစအဆုံးတည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး