ကွန်တိန်နာယာဉ် တိမ်းမှောက်ပြီး ယာဉ်ခုနစ်စီးပေါ်သို့ ပိမိရာမှ တစ်ဦးဒဏ်ရာရ

ကွန်တိန်နာယာဉ် တိမ်းမှောက်ပြီး ယာဉ်ခုနစ်စီးပေါ်သို့ ပိမိရာမှ တစ်ဦးဒဏ်ရာရ

ဗိုလ်တထောင်မြိ့နယ်တွင် ကွန်တိန်နာယာဉ် တိမ်းမှောက်ပြီး ယာဉ်ခုနစ်စီးပေါ်သို့ ပိမိရာမှ တစ်ဦးဒဏ်ရာရရှိခဲ့မှု နိုဝင်ဘာ၂၅ ရက်က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၉ နာရီ ၅ မိနစ်တွင် စိုးဝေယံ၂၀ နှစ်မောင်းနှင်ပြီး အောင်နိုင်(၃၈)နှစ်လိုက်ပါလာသည့်  Mitsubishi Fuso အဖြူရောင် ကွန်တိန်နာ အငှားယာဉ်သည် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဈေးလမ်းအတိုင်း မောင်းနှင်လာရာ တိုက်အမှတ်(၇၀/ ၇၂)ရှေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အစပ်သို့ တိမ်းစောင်းခဲ့သည်။ 


ထိုသို့တိမ်းစောင်းသွားစဉ် လမ်းယာဘက်အစပ်တွင် ရပ်နားထားသည့် ပါဂျဲရိုး ခဲ/ဖြူ ရောင်ယာဉ်၊ Honda Fit အဖြူရောင်ယာဉ်၊ ဆူဇူကီး ဆီးရပ် အဖြူရောင်ယာဉ်၊ Note မီးခိုးရောင်ယာဉ်၊ ကန်တာ နီညိုရောင်ယာဉ်၊ ကန်တာအပြာရောင် အငှားယာဉ်နှင့် ISUZU ကန်တာအဖြူရောင် ယာဉ်များ ပေါ်သို့ တိမ်းမှောက်ပိမိခဲ့သည်။ ထိုသို့တိမ်းမှောက်ပိမိခဲ့ခြင်းကြောင့် သိန်းရာချီပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ အောင်နိုင်တွင် ဒဏ်ရာများရရှိခဲ့သည်။ 
ဗိုလ်တထောင် မြို့မရဲစခန်းက ယာဉ်(ပ)၁၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ အရ အမှုဖွင့်အရေးယူထားသည်။