အမေရိကန်အာကာသအေဂျင်စီ နာဆာက လွှတ်တင်ခဲ့သော အင်္ဂါဂြိုဟ် လေ့လာရေး စက်ရုပ်ယာဉ်သည် ဂြိုဟ်ပတ်လမ်းကြောင်းမှ မျက်နှာပြင်ပေါ်သို့ ခုနစ်မိနစ်ကြာ အချိန်ယူကာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်သည်။
InSight ဟု အမည်ပေးထားသော စက်ရုပ်ယာဉ်သည် ကမ္ဘာမြေ အတွင်းပိုင်းဖွဲ့စည်းပုံကို လေ့လာရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး အင်္ဂါဂြိုဟ်အတွင်းပိုင်းဖွဲ့စည်းပုံ လေ့လာရေးတွင်ပါ အသုံးပြုလိုက်ခြင်းလည်း ဖြစ်သည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ နာဆာ၏ ဂျက်အင်ဂျင်တွန်းကန်အား သုတေသနစင်တာ(ဂျေပီအယ်လ်) က InSight ယာဉ်ကို ထိန်းချုပ်စီမံလျက်ရှိသည်။
InSight ယာဉ်သည် လက်ရှိတွင် အင်္ဂါဂြိုဟ် အီကွေတာပိုင်းရှိ မြေပြန့်လွင်ပြင်တွင် နေရာယူထားသည်။ စက်ရုပ်ယာဉ် ဝန်းကျင် ဓာတ်ပုံများကိုလည်း ရိုက်ကူးကာ ကမ္ဘာမြေသို့ ပေးပို့လျက်ရှိသည်။ InSight ယာဉ်သည် အင်္ဂါဂြိုဟ် အတွင်းပိုင်းမှသည် အပြင်ပိုင်းထိ အဆင့်ဆင့် ဖွဲ့စည်းပုံများကို လေ့လာရန် နည်းပညာ သုံးခု ပါဝင်သည်။
ပထမတစ်ခုသည် ပြင်သစ်-ဗြိတိန် ပူးပေါင်းတည်ဆောက်ထားသော ငလျင်တိုင်းစက်ဖြစ်သည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ ငလျင်လှိုင်းများကို တိုင်းတာကာ ကျောက်လွှာများ တည်ရှိပုံနှင့် ကျောက်လွှာတစ်ခုချင်း ဖွဲ့စည်းပုံများကို လေ့လာသွားမည်ဖြစ်သည်။
ဒုတိယတစ်ခုသည် ဂျာမနီက တည်ဆောက်ထားသော မြေတူးစက်ဖြစ်ပြီး မြေအနက် ငါးမိုင်ထိ တူးဝင်ကာ အပူချိန်ကို တိုင်းတာခြင်းဖြင့် အင်္ဂါဂြိုဟ်သည် မည်မျှ သက်ဝင်နေကြောင်း သိနိုင်မည်။
တတိယတစ်ခုသည် ရေဒီယိုလှိုင်းထုတ်လွှင့်စက်သုံးကာ အင်္ဂါဂြိုဟ်သည် ဝင်ရိုးပေါ်တွင် မည်သို့ လည်ပတ်နေကြောင်းကို အသေးစိတ် တိကျစွာ တိုင်းတာမည်ဖြစ်သည်။

















