သြစတြေးလျနိုင်ငံတွင် လေယာဉ်ငယ်တစ်စီးသည် လေယာဉ်မှူး အိပ်ပျော်သွားသဖြင့် ဆင်းရမည့် လေဆိပ်ကို မိုင် ၃၀ ခန့် ကျော်သွားမှု ဖြစ်ပွားခဲ့ကြောင်း သြစတြေးလျ လေကြောင်းလုံခြုံရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။
လေယာဉ်သည် ကုန်တင်လေယာဉ်ဖြစ်ပြီး ဒီဗွန်ပို့တ်မှ တက်စ်မေးနီးယားရှိ ကင်းအိုင်လင်းသို့ နိုဝင်ဘာ ၈ ရက်က ပျံသန်းစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင် လေယာဉ်မှူး တစ်ဦးတည်းသာ ပါရှိကြောင်းလည်း သိရသည်။
ထိုဖြစ်စဉ်သည် လေယာဉ်မှူး၏ အရည်အသွေးလိုအပ်ချက်အဖြစ် သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုံခြုံဘေးကင်းရေးအဖွဲ့ (အေတီအက်စ်ဘီ) က သတ်မှတ်ထားသည်။
Vortex Air လေကြောင်းလိုင်းမှ Piper PA-31 လေယာဉ်မှူးသည် အိပ်ပျော်နေရာမှ မည်သို့ နိုးလာကြောင်းကိုမူ အေတီအက်စ်ဘီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။
လေယာဉ်မှူးကို စစ်ဆေးလျက်ရှိပြီး လေကြောင်းလိုင်း၏ လုပ်ငန်းစဉ်များ လိုအပ်ချက် ရှိ မရှိကိုလည်း အကဲဖြတ်မည်ဖြစ်ကာ လာမည့်နှစ်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်မည်ဖြစ်ကြောင်း အေတီအက်စ်ဘီက ပြောသည်။
Vortex Air သည် စင်းလုံးငှားလေယာဉ်များ ပျံသန်းလျက်ရှိပြီး အဖွဲ့လိုက်၊ လုပ်ငန်းသုံးနှင့် အပန်းဖြေခရီးများအတွက် လေယာဉ်များ စီစဉ်ပေးလျက်ရှိသည်။
ပြီးခဲ့သည့်နှစ်က ကင်းအိုင်လင်းသို့ ပျံသန်းမည့် လေယာဉ်ငယ်တစ်စင်း မဲလ်ဘုန်းလေဆိပ်မှ ပျံတက်ပြီး မကြာခင်မှာပင် ပျက်ကျမှုကြောင့် လူငါးဦး သေဆုံးခဲ့ရဖူးသည်။

















