ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ အီးယူမှ ဗြိတိန်ထွက်ခွာရေး(ဘရက်ဇစ်)အစီအစဉ်သည် အမေရိကန်နှင့် ဗြိတိန်တို့၏ ကုန်သွယ်ရေးသဘောတူညီချက်ကို ထိခိုက်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။
ဘရက်ဇစ်အစီအစဉ်သည် အီးယူ(ဥရောပသမဂ္ဂ)အတွက် အလွန်ကောင်းမွန်ပုံရပြီး ဗြိတိန်သည် အမေရိကန်နှင့် ကုန်သွယ်နိုင်စွမ်းရှိမည့်ပုံမပေါ်ကြောင်း၊ ယင်းသို့မဖြစ်ရန် မျှော်လင့်ကြောင်း ထရမ့်က သတင်းထောက်များကိုပြောဆိုခဲ့သည်။
ဗြိတိန်ဘက်ကမူ အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများနှင့် ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုနိုင်မည့် အစီအစဉ် ဖြစ်ကြောင်း ပြောဆိုထားသည်။
ဝန်ကြီးချုပ်မေသည် ဝေလနယ်နှင့် မြောက်ပိုင်းအိုင်ယာလန်သို့သွားရောက်မည်ဖြစ်ပြီး ဗြိတိန်လမ်းထောင့်တိုင်းတွင် ဘရက်ဇစ်အစီအစဉ်ကို ရှင်းပြမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဗြိတိန်ပြည်သူများအနေဖြင့် ဥပဒေ၊ ငွေကြေးနှင့် နယ်စပ်များကို ပြန်လည်ထိန်းချုပ်ခွင့်ရရှိရန် ဘုံသဘောတူညီခဲ့သော်လည်း ၄င်း၏ဘရက်ဇစ်အစီအစဉ်နှင့်ပတ်သက်၍ ပါလီမန်အမတ်များ၏ အပြင်းအထန်ပြစ်တင်ဝေဖန်မှုများခံခဲ့ရပြီးနောက် သမ္မတထရမ့်၏မှတ်ချက်လည်း ပေါ်ထွက်လာခြင်းဖြစ်သည်။
အီးယူဘက်ကသဘောတူလိုက်သည့် မေ၏ ဘရက်ဇစ်အစီအစဉ်ကို ဒီဇင်ဘာ ၁၁ ရက်၌ ဗြိတိသျှပါလီမန်တွင် မဲခွဲဆုံးဖြတ်ဦးမည်ဖြစ်ပြီး ပယ်ချခံရပါက ထရီဆာမေအတွက် အခက်တွေ့နိုင်သည်။
ယင်းအစီအစဉ်အရဆိုလျှင် ၁၀ နှစ်အတွင်း ဗြိတိန်စီးပွားရေးသည် အီးယူထဲတွင် ဗြိတိန်ရှိနေသည်ထက် ၅ ဒသမ ၅ ရာခိုင်နှုန်းကျုံ့သွားမည်ဖြစ်ကြောင်း ဗြိတိသျှစီးပွားရေးပညာရှင်အချို့က ပြောဆိုကြသည်။
အီးယူနှင့် ဗြိတိန်အစိုးရသည် ဘရက်ဇစ်ဆိုင်ရာအဓိကအချက်နှစ်ခုကို သဘောတူခဲ့ကြခြင်းဖြစ်သည်။ ဗြိတိန်မှ ခွဲခွာကြေး စတာလင်ပေါင် ၃၉ ဘီလျံပေးရန်၊ နိုင်ငံသားဖြစ်မှုအခွင့်အရေး၊ မြောက်ပိုင်းအိုင်ယာလန်အရေး၊ ခွဲထွက်ပြီး အီးယူနှင့်ဗြိတိန်ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို သဘောတူညီခဲ့သည်။

















