ခရိုင်းမီးယားအနီးတွင် တရားမဝင်ဝင်ရောက်သည်ဟု ရုရှားကစွပ်စွဲပြီး ယူကရိန်းတိုက်ရေယာဉ်သုံးစီးကို တိုက်ခိုက် သိမ်းပိုက်ခဲ့၍ အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၌ဒေသ ၂၇ ခုအနက် ၁၀ ခုတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့သည်။
သမ္မတ ပီထရို ပိုရိုရှန်ကို၏ တောင်းဆိုချက်အရ ယူကရိန်းပါလီမန်တွင် နိုဝင်ဘာ ၂၆ ရက်က ငါးနာရီကြာ ဆွေးနွေးကြပြီးနောက် ယင်းဒေသ ၁၀ ခုတွင် တစ်လကြာ စစ်အုပ်ချုပ်ရေးကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့်စစ်ဖြစ်ပါက ပထမဆုံးထိတွေ့နိုင်သည့်ဒေသများကို ရွေးချယ်ကြေညာခဲ့ခြင်းဖြစ်ပြီး ကိယက်ဗ်မြို့တော် မပါဝင်ချေ။
ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် ယူကရိန်းအရှေ့ပိုင်းမှ ခွဲထွက်ရေးသမားများကို ဆက်လက်ထောက်ပံ့နေကြောင်း ယူကရိန်းကစွပ်စွဲလျက် ဆက်ဆံရေးဆိုးရွားနေသည်။
စစ်ကြေညာခြင်းမဟုတ်ကြောင်း၊ လိုအပ်ချက်အရ စစ်အုပ်ချုပ်ရေးပြဌာန်းရခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ အခွင့်အရေးကို လေးစားရန် ကတိပြုကြောင်း သမ္မတပိုရိုရှန်ကိုက ပြောဆိုခဲ့သည်။
ယူကရိန်းစစ်တပ်ကိုမူ အပြည့်အဝ တပ်လှန့်ထားလိုက်ပြီဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြေညာမှုအပေါ် နိုင်ငံရေးအရ စိုးရိမ်ပူပန်မှုများလည်းရှိသည်။ အတိုက်အခံအမတ်တစ်ဦးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယူလီအာတိုင်မိုရှန်ကိုက သမ္မတ၏အဆိုပြုချက်သည် တရားမဝင်ရှာဖွေမှု၊ ပုဂ္ဂလိကကျူးကျော်မှုနှင့် လွတ်လပ်စွာပြောဆိုခွင့် ထိပါးမှုထံ ဦးတည်နိုင်စေကြောင်း မဲမခွဲမီ သတိပေးခဲ့သည်။
ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲကြီးများ ဖြစ်ခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များကပင် စစ်အုပ်ချုပ်ရေးပြဌာန်းခဲ့ခြင်း မရှိကြောင်း ပါလီမန်လက်ထောက်ပြောခွင့်ရသူ အော့ဆာနာ ဆိုင်ရို့ဒ်က ပြောဆိုခဲ့သည်။
နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာမှုသည် လာမည့်သမ္မတရွေးကောက်ပွဲများကို ခြယ်လှယ်ရန် အခွင့်အလမ်းကောင်းဖြစ်လိမ့်မည်ဟုလည်း သတိပေးခဲ့သည်။
စစ်အုပ်ချုပ်ရေးသည် ရွေးကောက်ပွဲကို အဆိုးသက်ရောက်မှုမရှိစေရဟု သမ္မတပိုရိုရှန်ကိုက အာမခံခဲ့ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်းဘာ့ဂ်က ပြောဆိုခဲ့သည်။

















