မလေးရှားနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ပွဲစဉ်အပြီးတွင် မြန်မာပရိသတ်တစ်ချို့အား မလေးရှားပရိသတ်များက ရန်ပြုတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ သင့်တော်သလို အရေးယူဆောင်ရွက်ပေးရန် အာဆီယံဘောလုံးအဖွဲ့ချုပ်သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားကြောင်း သိရသည်။
တိုက်ခိုက်ခဲ့
ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ရက်က မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မလေးရှားနှင့် မြန်မာအသင်းပွဲစဉ်သို့ သွားရောက်အားပေးအပြီး ပြန်လာသည့် မြန်မာလုပ်သား အယောက် ၂၀ခန့်သည် ကွင်းအပြင်၌ ကားစောင့်ဆိုင်းနေစဉ် မလေးရှားပရိသတ်အယောက် ၃၀ခန့်က"ဘာဘီ "ဟုအော်ဟစ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် မြန်မာလုပ်သား ငါးဦးခန့် ဒဏ်ရာအနာတရ ရရှိခဲ့ကြပြီး ဒဏ်ရာရရှိသူများထဲ၌ အမျိုးသမီးများလည်း ပါဝင်ခဲ့သည်။
" တိုက်ခိုက်မှုတွေကယခင်ကလဲ ဖြစ်ခဲ့တယ်။ အခုလဲ ထပ်ဖြစ်တာနဲ့ပတ်သက်ပြီး အိမ်ရှင်အနေနဲ့ လုံခြုံရေးကိစ္စကို ပိုဂရုစိုက်ဆောက်ရွက်ပေးဖို့နဲ့၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သင့်လျော်သလို ဆောင်ရွက်ပေးဖို ့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဆီကို စာပို့ထားပါတယ်" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ညှိနှိုင်းဆောင်ရွက်
ထို့နောက် မလေးရှားနှင့် မြန်မာအသင်းပွဲစဉ်ကို လာရောက်အားပေးခဲ့ကြသည့် မြန်မာပရိသတ်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ၎င်းက " ကွင်းမှာလာကြည့်တဲ့ ပရိသတ်လုံခြုံရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးတဲ့ လုံခြုံရေးအရာရှိ ပါပါတယ်။ ကွင်းမှာလုံခြုံတဲ့နေရာရအောင်၊ အဆင်ပြေအောင် လုပ်ပေးပါတယ်။ အခုက ကွင်းပြင်မှာ ဖြစ်ပွားခဲ့တဲ့အတွက် သက်ဆိုင်ရာနိုင်ငံရဲ့လုံခြုံရေးက ဆောင်ရွက်ပေးရမှာပါ" ဟု ရှင်းပြခဲ့သည်။
ဆက်သွယ်မေးမြန်းခြင်းမရှိ
တိုက်ခိုက်ခံရသည့် မြန်မာပရိသတ်များကို မလေးရှားနိုင်ငံရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့က ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြပြီး နိုဝင်ဘာ ၂၆ရက်က မလေးရှားဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံကာ ဖြစ်စဉ်ကိုတင်ပြခဲ့သည်။
ထို့နောက် အထွေထွေအတွင်းရေးမှူးက ယင်းဖြစ်ရပ်အတွက် စိုးရိမ်ကြောင်းနှင့် တောင်းပန်စကားဆိုခဲ့သည်။ သို့သော် မြန်မာပရိသတ်များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မလေးရှားဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား ယခုအချိန်အထိ တစ်စုံတစ်ရာ ဆက်သွယ်မေးမြန်းခြင်းမရှိသေးကြောင်း သိရသည်။















