မလေးရှားလေဆိပ်တွင် ခုနစ်လကြာ သောင်တင်နေသော ဆီးရီးယားသား ကနေဒါ၌ ခိုလှုံခွင့်ရ

မလေးရှားလေဆိပ်တွင် ခုနစ်လကြာ သောင်တင်နေသော ဆီးရီးယားသား ကနေဒါ၌ ခိုလှုံခွင့်ရ

နိုင်ငံပြန်ခွင့်မရသလို၊ အခြားနိုင်ငံများ၌လည်း ခိုလှုံခွင့်မရဘဲ မလေးရှားလေဆိပ်တွင် ခုနစ်လနီးပါးသောင်တင်နေသော ဆီးရီးယားနိုင်ငံသားသည် ကနေဒါတွင် ခိုလှုံခွင့်ရရှိသွားပြီဖြစ်သည်။

ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဆိုက်ရောက်ဧရိယာတွင် သောင်တင်ကာ နေထိုင်နေရသည့်အဖြစ်ကို ဟာဆန် အယ်လ် ကွန်တာသည် ဆိုရှယ်မီဒီယာပေါ်သို့ ဗီဒီယိုများတင်ရာမှ ကမ္ဘာတစ်ဝန်းက ၎င်း၏ အဖြစ်ကို ကရုဏာသက်ခဲ့ကြခြင်းဖြစ်သည်။ 
အသက် ၃၇ နှစ်အရွယ်  မစ္စတာကွန်တာသည် နောက်ပိုင်း နှစ်လကို မလေးရှားထိန်းသိမ်းရေးစခန်းတွင် ကုန်ဆုံးခဲ့ပြီးမှ ကနေဒါက ခိုလှုံခွင့်ပေးကာခေါ်ယူခဲ့ခြင်း ဖြစ်သည်။
    ၂၀၁၁ ခုနှစ်တွင် ဆီးရီးယား၌ စစ်ပွဲဖြစ်ပွားချိန်၌ မစ္စတာကွန်တာသည် ယူအေအီးနိုင်ငံတွင် အာမခံကုမ္ပဏီ၌ လုပ်ကိုင်လျက်ရှိသည်။

ဆီးရီးယားတွင် စစ်မှုထမ်းကာလ ပြည့်အောင် မထမ်းခဲ့မှုကြောင့် ပတ်စ်ပို့ သက်တမ်းတိုးမရဘဲ ဖြစ်နေသလို၊ နိုင်ငံသို့ ပြန်ပါကလည်းဖမ်းဆီးခံရမည်စိုးသောကြောင့် မပြန်ဘဲနေခဲ့သည်။ 
၂၀၁၇ ခုနှစ်တွင် ပတ်စ်ပို့ သက်တမ်းတိုးခွင့် ရခဲ့သော်လည်းမလေးရှားသို့ ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။

မလေးရှားသည် ဆီးရီးယားနိုင်ငံသားများကို ဗီဇာမလိုဘဲ ဝင်ခွင့်ပေးထားပြီး မစ္စတာကွန်တာသည် တိုးရစ်ဗီဇာသုံးလရရှိခဲ့သည်။ ဗီဇာကုန်သောအခါ တူရကီသွားရန်စီစဉ်သော်လည်း လေယာဉ်ပေါ် တက်ခွင့်မရပေ။

ကမ္ဘောဒီးယားသွားသော်လည်း ပြန်ပို့ခံခဲ့ရသည်။ ထို့နောက်တွင် ကွာလာလမ်ပူလေဆိပ် ဆိုက်ရောက်ဧရိယာတွင်သာ လနှင့်ချီနေထိုင်ခဲ့ရပြီး လေကြောင်းလိုင်းဝန်ထမ်းများက လှူဒါန်းသော စားသောက်စရာများဖြင့် အသက်ဆက်ခဲ့ရသည်။ 
မစ္စတာကွန်တာသည် ဆီးရီးယားမြို့တော် ဒမတ်စကတ်မြို့ တောင်ပိုင်းဆူဝိုင်ဒါမှဖြစ်ပြီးအီကွေဒေါနှင့် ကမ္ဘောဒီးယားတို့တွင် ခိုလှုံခွင့် လျှောက်ထားခဲ့သေးသော်လည်း ငြင်းပယ်ခံခဲ့ရသည်။